• Feature
  • Photo
  • Song
  • Movie
  • Press
  • Mine
  • Logo
  • Contact
  • English
  • Burmese
  • Mon
  • RSS
Showing posts with label Burmese. Show all posts
Showing posts with label Burmese. Show all posts

လေးဖြူ ဆိုသလို "မင်းမှ မင်းပဲ"တဲ့

November 5, 2009 0 comments
ဦးရဲ့ရင်ကို လင်းက လွဲရင် ဘယ်သူ့မှ ရင်ခုန်ချက် ထက်မြန်အောင် မလုပ်ပေးနိုင်ခဲ့ဘူး။ (အများကြီးမှ အများကြီးနဲ့ တွေ့ခဲ့တယ်)။ ဒါပေမယ့် လင်းလောက် ဦးရဲ့ရင်ခုန်သံ မြန်စေမယ့်လူ ဦး ရှာလို့ မရှာသေးဘူး။

ပထမဆုံး ညအိပ်ခရီးကို လင်း ဦးဆောင်ခဲ့တယ်။ ဆယ်ကျော်သက်အရွယ်တွေ အချင်းချင်းမို့ ရင်ခုန်သံ သိပ်မကွာဘူး ထင်တယ်။ ဟိုးရောက်တော့ လင်းရဲ့ အမက "မင်းတို့ ဘာလို့ နှစ်ယောက်တည်း လာရတာလဲ"ဆိုတဲ့ ကြိုဆိုခြင်းကို ခံလိုက်ရတော့မှ အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေကို လင်း မျက်နှာပေါ်မှာ ဖတ်ခွင့် ရလိုက်တယ်။ မိုးကြီးတယ်။ သွားလို့မလွယ်ဘူး။ နောက်နေ့မှ ရောက်မယ် လို့ လှေသမားတွေက အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် သွားချင်တဲ့နေရာကို ရောက်ဖြစ်အောင် သွားခဲ့တယ်။ အဲဒီတုန်းက ညအိပ်ခရီးမှန်း အဆောင်ရှင် မပြောခဲ့ရဘူးလေ။ ဒါပေမယ့် ကောင်းပါတယ်။ သတ္တိ လင်းမှာ ဘယ်လောက်ရှိတယ် ဆိုတာ အဲဒီနေ့မှာ ပြတာထက် ဦးကိုယ်တိုင်မှာ ခွင်းယွင်းချက်တွေနဲ့ နောက်ဆံတင်းရမယ့် ကိစ္စတွေနဲ့ပေါ့။ ဒါပေမယ်လည်း ပျော်ပါတယ်။ အရမ်းကို ပျော်တယ်။

လင်းရဲ့အမ ဆေးခန်းသွားတော့ နှစ်ယောက်ထဲ ကျန်ခဲ့တယ်။ လင်း ဦးကို ဘာလုပ်ဖို့ခိုင်းခဲ့သလဲ မှတ်မိလား။ ထမင်းချက်ဖို့ မီးမွှေခိုင်းတယ်လေ။ အဲဒီမှာ မီးသွေးပေနေတဲ့ ဦးကို လင်း လှောင်ရယ်နေလိုက်တာ အခုထိ ရှက်သွေးက မကုန်သေးဘူး သိလား။ ဦးမှ မလုပ်တတ်ဘဲ။ လင်း သိရဲ့သားနဲ့ အဲဒီမီးသွေးနဲ့ မီးမွှေခိုင်းတာကိုး။ ဟီးဟီး ပိုရှက်လာပြီး။

ညအချိန်ရောက်တော့ ခရစ်စမတ်လေ။ မှတ်မိလား။ ခရစ်ယာန်ဘာသာဝင်တွေက သီချင်းလာဆိုတော့ ဦးလည်းး သူတို့လို ဆိုပြချင်လိုက်တာ။ ဘာလို့လဲဆိုတော့ ဦး ဂီတာတီးပြီး သီချင်းဆိုတတ်မှန်း လင်းမှ မသိသေးတာ။ "သူတို့သီချင်းဆိုတာ ကောင်းလိုက်တာနော်"လို့ လင်း ပြောခဲ့တယ်လေ။

ဒါပေမယ့် အဲဒီညက သီချင်း မဆိုဖြစ်ခဲ့ဘူး။ (လင်းအရှေ့မှာ တစ်ခါဘဲ ဦးကိုယ်တိုင် တီးဆိုပြီး သီချင်းဆိုဖြစ်ခဲ့တာပါ။ အတိတ်တုန်းက - ဒီအကြောင်းကို ဖော်ပြပါမယ်"။

အဲဒီညက ဦး ဘုရားခန်းမှာ ဘယ်အိပ်ချင်ပါ့မလဲ။ ဒါပေမယ့် မိန်းကလေး(၂)တည်း အပြင်မှာ အိပ်ပြီး ဦး ဘုရားခန်းမှာ အိပ်ခဲ့ရတယ်။ အဲဒီညက ဦးလာပြီး ခြေထောက်လာစမ်းတယ်လေ။ ပထမစမ်းမိတာ လင်းခြေထောက်မဟုတ်မှန်း ဦးလည်း သိတာပေါ့။

နောက်နေ့ကျတော့ မျက်နှာပူသွားတာပေါ့။ (သူတို့ညီမချင်း ဘာပြောနေလဲ မသိဘူး)။ ဒါပေမယ့် လင်း ခြေထောက်ကိုလည်း ဦး ကိုင်ခွင် ရခဲ့ပါတယ် အဲဒီညက။ ဟဲဟဲ။ မနက်မိုးလင်းမှလေ။

အဲဒီအချိန်တုန်းက လင်းက ဦးဟာ လင်းရဲ့ ချစ်သူပါဆိုတာ အဲဒီမြို့က လူတွေကို ပြောရဲ၊ ပြရဲခဲ့တယ်။ ကျေးဇူးပါ။ ဦးလည်း အဲဒီထက်မက (ချစ်သူထက်မက) ပြောဖို့ စကားလုံးရှိခဲ့ရင် အခု ပြန်ပြောမှာပါ။ ဧည့်သည်တွေက ဖိတ်ခေါ်တယ်။ ရောက်သွားတော့ အပြစ်ရှိသူ မျက်နှာပျက်သလိုပေါ့။ ဦးအတွက်တော့။

ဒါပေမယ့် လင်းကို ဦး ချစ်တာလောက် လင်းကို ဘယ်သူကမှ မချစ်ခဲ့ဘူးဆိုတာ လင်းသိမှာပါ။ (အခုလည်း ချစ်တုန်းပါ လင်းရယ်) ဟဲဟဲ။ တကယ်ပြောတာပါ။ ဦး မိန်းကလေး အများကြီးနဲ့ ဆက်ဆံဖူးတယ်။ (အင်္ဂလိပ်လို ဆက်ဆံတာတော့ မဟုတ်ဘူးပေါ) ဒါပေမယ့် လင်းသာ ဦးရဲ့ မျှော်လင့်ခြင်းပါ လင်းရယ်။

လင်းသာ မရှိရင် အခု ဦး ဘယ်ဆီရောက်နေမှန်း ဦးကိုယ်တိုင်တောင် ပြန်ကြည့်မိမှာ မဟုတ်ပါဘူး။ ဗမာပြည်ပြန်ရဖို့အရေး ဒီလောက်တောင် ခက်ရသလားကွယ်......။

လူတစ်ယောက်ရဲ့ ချစ်သော လင်းလင်း ဆီသို့ ဘလော့ဘ်ကနေ ပြန်လည် ခံစားခြင်း ဖြစ်ပါတယ်။

ကြိုးကိုင် ကြိုက်သူ (ဒီမိုကရေစီ ဗဟို မချုပ်ကိုင်တဲ့ ဒီမိုကရေစီ ငါ ချုပ်ကိုင်မှု)

September 28, 2009 0 comments
ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နအဖ နဲ့ အနှစ် (၁၀၀၀)ထောင်ကျော် တိုက်ခိုက်လာခဲ့တဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဧည့်ခန်းထဲမှာ ထိပ်ပိုင်းအရာရှိ(၂)ယောက် ပါတီအဖွဲ့အစည်းတွေ များလာတာနဲ့ ပတ်သက်ပြီး စကားပြောနေကြတယ်။

အဆင့်နဲနဲမြင့်သူ။ ဘာကြောင့် ငါ့တို့အဖွဲ့ထဲကနေ ထွက်သွားပြီး သူတို့က နောက်ပါတီတစ်ခု ထပ်ထောင်နေကြတာလဲ။

အဆင့်နဲနဲနိမ့်သူ။ ကျနော်တို့ အရင်ဆုံးအနေနဲ့ ကျနော်တို့ပါတီ သုံးနေတဲ့ စနစ် ဥပဒေအပိုင်း ဆွေးနွေးရအောင်လား ဆရာ။


အဆင့်နဲနဲမြင့်သူ။ ငါ့တို့စနစ် ဥပဒေက ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေထဲမှာ ဆိုရင် အဆင့်မြင့်ဆုံးပဲ ဆိုတာ မင်းလည်း သိပါတယ်။ ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မှု စနစ် ဆိုတာ ဒီအချိန်မှာ အသင့်လျော်ဆုံး စနစ်ပဲ မဟုတ်လား။

အဆင့်နဲနဲနိမ့်သူက အဲဒီလို ကြားလိုက်တော့ စိတ်မလုံသလို ခံစားလိုက်ရတယ်။ ဘာကြောင်လဲ ဆိုတော့ သူကိုယ်တိုင်ကလည်း ဒီပါတီက နှုတ်ထွက်ပြီး ပါတီအသစ် ထောင်ဖို့ ကြိုးစားနေတဲ့သူလေ။

အဆင့်နဲနဲနိမ့်သူ။ အခု သူတို့က ဒီပါတီကနေ ထွက်သွားပြီးတော့ ပါတီအသစ် ထောင်တယ်ဆိုကတည်းက ဒီပါတီရဲ့ စနစ်ကို မကြိုက်တာတော့ မှန်တာပဲ မဟုတ်လား ဆရာ။

အဆင့်နဲနဲမြင့်သူ။ ဒီစနစ်ထက် ကောင်းတာမှ မရှိတာကွ။ ငါ မေးတာက သူတို့တွေ ဘာလို့ ဒီပါတီကနေ ထွက်သွားကြတာကို မေးတာကွ။

အဆင့်နဲနဲနိမ့်သူက မျက်နှာအနေအထား၊ အသံအနေအထား ပုံမှန်ဖြစ်အောင် ကြိုးစားပြီး အောက်ပါအတိုင်း ပြန်ဖြေလိုက်ပါသတဲ့။

အဆင့်နဲနဲနိမ့်သူ။ ဆရာကလည်း ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မှုကို သူတို့ကမှ မကြိုက်တာ။ ဗဟိုချုပ်ကိုင်မှုက ဗဟိုကဘဲ ချုပ်ကိုင်တာ။ သူတို့က ချုပ်ကိုင်ရတာမှ မဟုတ်တာ။ သူတို့ ကြိုက်တာက ဒီမိုကရေစီ ငါချုပ်ကိုင်မှု တဲ့။ ဒါမှ သူတို့ကိုယ်တိုင် ကြိုးကိုင်လို့ရတာပေါ့။

မွန်ရမွန်

ရေးသား တင်ပြသည်။

နိုင်ငံရေး ဆိုတာ သိလား

0 comments
သောကြာနေ့ ညနေ စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာက သူ့တပည့်တွေကို ကျောင်းပိတ်ရက်မှာ အိမ်စာ အဖြစ် ပေးသွားရန်အတွက် "နိုင်ငံရေး ဆိုတာ ဘယ်လဲ။ ကျောင်းပိတ်ရက်(၂)ရက်မှာ လေ့လာထား။ ကျောင်းပြန်ဖွင့်တဲ့ရက်ကျရင် တပည့်တို့ အဖြေပေးရမယ် ကြားလား"ဟု မှာကြားလိုက်သည်။

မင်းအာသံ လို့ အမည်ရတဲ့ ကျောင်းသားတစ်ယောက်က သူ့ဆရာရဲ့ ပဟေဠိကို ဖြေကြားနိုင်ဖို့ အဖေကို ပူဆာတော့ သူ့အဖေက "နိုင်ငံရေး ဆိုတာ သား နားလည်အော ရိုးရိုးရှင်းရှင်း ပြောရရင် အခု အဖေတို့ အိမ်ထောင်လိုပဲပေါ့။ အဖေက ငွေရှာပေးတဲ့သူ။ စီးပွားရေးပေါ့။ သားရဲ့ အမေက ရလာတဲ့ပိုက်ဆံကို စီမံခန့်ခွဲတဲ့သူ ဆိုတော့ အစိုးရပေါ့ကွယ်။ အဲ သားက ပြည်သူလူထုပေါ့။ သားရဲ့ ညီလေးက တိုင်းပြည်ရဲ့ အနာဂတ်ပေါ့။ ရှင်းပြီလား"ဟု ပြန်ဖြေပေးလိုက်ရာ မင်းအာသံမှာ ပျော်မဆုံး စိတ်ကူးယဉ်နေလေတော့သည်။

ကျောင်းမဖွင့်ခင် ညပိုင်း ရောက်တော့ သူ့ ညီလေးက ဝမ်းကြီးဝမ်းငယ် စွန့်ပြီး ချမ်းနေ၍ အော်ငိုလိုက်ရာ မင်းအာသံ လန့်နိုးသွားလေသည်။ ဒါနဲ့ သူ့ ညီလေး အဖြစ်ကို တွေ့တော့ အမေဖြစ်သူကို နှိုးလေတော့သည်။ အမေဖြစ်သူက ဆက်လက် အိပ်ပျော်မြဲ အိပ်ပျော်နေရာ သူ့အဖေ အား ရှာတော့ အိပ်ခန်းထဲ မတွေ့တာနဲ့ အပြင်ဘက်အခန်းများတွင် သွားရှာရာ အိမ်ငှားမိန်းကလေးတစ်ယောက်ရဲ့ အခန်းတွင် သွားတွေ့၍ မခေါ်ရဲဘဲ ဒီအတိုင်း ပြန်လာပြီး စဉ်းစားမိသွားရာ အဖေ ပြောသည့် နိုင်ငံရေး ဆိုတာ ဒီအထိတောင် ရှုပ်ထွေးပဲလား ဆိုတဲ့အသိ ပေါ်လာတော့သည်။

နောက်တစ်နေ့ ကျောင်းရောက်သွားတော့ သူ့ဆရာက "ကဲ နိုင်ငံရေး ဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်သူသိသလဲ" မင်းအာသံ ကြားလိုက်တာနဲ့ တက်ကြွစွာ မတ်တတ်ရပ်ပြီး "ကျနော် သိတယ် ဆရာ"၊ "ဟာ တော်လှချည်းလား၊ ဆိုစမ်းပါဦး တပည့်ရေ"ဟု ဖွင့်ပေးလိုက်ရာ မင်းအာသံ က "နိုင်ငံရေးဆိုတာ အရမ်း အရမ်းကို ရှုပ်ထွေးလေးနက်ပါတယ် ဆရာ။ အစိုးရက အိပ်ပြီးရင် မထတော့ဘူး။ အိပ်ပုတ်ကြီးတယ် ဆရာ။ စီးပွားရေး ကလည်း ဖောက်ပြန်နေတယ်။ ပြည်သူလူထုက အရမ်း ဒုက္ခရောက်တာပေါ့။ ဟို တိုင်းပြည်ရဲ့ အနာဂတ်ကလည်း စုတ်ပြတ်သတ်အောင် နှံလိုက်တာ ဆရာရယ်"ဟု အားရပါးရ ပြောလိုက်လေတော့သည်။

မွန်ရမွန်

ရေးသားတင်ပြသည်။

စစ်အစိုးရက မွန်ပြည်သစ်၏ အရေးပါသည့်လုပ်ငန်းစဉ်အပေါ် ကန့်သတ်လာ

September 10, 2009 0 comments
ဝီရ / ခေတ်ပြိုင်

နယ်ခြားစောင့်တပ် အသွင်ပြောင်းမည်မဟုတ်ဟု ငြင်းဆိုထားသည့် အပစ်ရပ် မွန်ပြည်သစ်အား ၎င်းတို့၏ အုပ်ချုပ်ရေးဆိုင်ရာ တရားစီရင်ရေးနှင့် ပါတီအတွက် အရေးပါသည့် အခြားလုပ်ငန်းစဉ်တို့အား နအဖ စစ်အစိုးရက ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်လာကြောင်း သိရသည်။

ပါတီ ဒု ဥက္ကဋ္ဌ နိုင်ရော့စနှင့်အဖွဲ့အား အရှေ့တောင်ပိုင်း စစ်ဌာနချုပ် တိုင်းမှူးက လွန်ခဲ့သည့် သြဂုတ်လ (၂၈)ရက်နေ့က တွေ့ဆုံရာတွင် စစ်အစိုးရဘက်က ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သထုံခရိုင်ရုံးမှ မွန်ပြည်သစ် ဗဟိုကော်မတီဝင်တစ်ဦးက "လူထုကို စည်းရုံးရေး လုပ်လို့မရဘူးလို့ သူတို့တောင်းဆိုတယ်။ ဒါက လူထုနဲ့ နီးနီးကပ်ကပ် ထိတွေ့မှု ရဖို့ အပစ်ရပ်လာကတည်းက ပါတီက ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တစ်ရပ် ဖြစ်တယ်။ အဲဒီစည်းရုံးရေး လုပ်ငန်းစဉ်တွေကို မလုပ်ဘူးဆိုတာက သူ(စစ်အစိုးရ)တို့ တားလို့ရတဲ့အရာလည်း မဟုတ်ဘူးလေ။ ဒါကြောင့် ဒါက ရပ်ဖို့ ခက်ခဲလိမ့်မယ်လို့ဘဲ ပါတီခေါင်းဆောင်တွေက တိုင်းမှူးကို ပြောခဲ့တယ်"ဟု ပါတီ ဗဟိုကော်မတီဝင်က ခေတ်ပြိုင်သို့ ယနေ့ ပြောကြားသည်။

တွေ့ဆုံပွဲ၌ တပ်ဖွဲ့ အသွင်ပြောင်းရေးကိစ္စအပြင် မွန်ပြည်သစ်ပါတီမှ အခွန်ကောက်ခံနေမှုနှင့် ပါတီ၏ သြဇာသက်ရောက်ခြင်း မရှိသည့်ဒေသများတွင် တရားစီရင်ရေး မဆောင်ရွက်ရန်လည်း နအဖ တိုင်းမှူး၏ တောင်းဆိုချက်တွင် ပါဝင်သည်။

တရားစီရင်ရေးနှင့် ပတ်သက်၍ ပါတီက ချမှတ်ထားရာတွင် မွန်ပြည်သစ်၏ အုပ်ချုပ်နယ်မြေ ခရိုင်(၃)ခုမှ ကျေးရွာပေါင်း(၃၀၀)ကျော်အနက် စစ်အစိုးရနှင့် မွန်ပြည်သစ်တို့ ပူးတွဲအုပ်ချုပ်သည့် ကျေးရွာပေါင်း (၉၀)နီးပါး ရှိပြီး မွန်ပြည်သစ်၏ သီးသန့်အုပ်ချုပ်မှုအောက်ရှိ ရွာပေါင်း (၉၀)ကျော် ရှိသည်ဟု မွန်ပြည်သစ်ပါတီ၏ စရင်းဇယားအရ သိရသည်။ ကျန်ရှိသည့် ကျေးရွာ(၁၀၀)ကျော်မှာ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဖြစ်သော်လည်း ပြည်သူလူထု၏ ဆန္ဒအတိုင်းသာ ဖြစ်စေရမည်ဟု စစ်အစိုးရအား တုန့်ပြန်ခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်မှ မွန်ပြည်သစ် အရာရှိတစ်ဦးက "ကျနော်တို့ပါတီက ပါတီ လည်ပတ်နိုင်ဖို့အတွက် ကိုယ့်အားနဲ့ကိုယ် ရုန်းကန်နေရတာပါ။ နအဖဆီက ထောက်ပံ့မှုတွေ မရှိပါဘူး။ အကောက်အခွန်လမ်းကြေးတွေက ဆက်လက် လည်ပတ်နိုင်ဖို့လောက်ဘဲ ရှိပါတယ်"ဟု ပြောကြားပြီး အမျိုးသားညီလာခံသို့ ပါတီမှ တက်ရောက်ခြင်း မပြုသည့် (၂၀၀၅)ခုနှစ်နောက်ပိုင်း စစ်အစိုးရက လစဉ် ထောက်ပံ့ပေးနေသည့် ကျပ်သိန်း(၄၀)ဝန်းကျင်ကိုလည်း ရပ်ဆိုင်းခံခဲ့ရသည်။

(၁၄)နှစ်ကျော် စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် မွန်ပြည်သစ်ပါတီသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ရေးတို့အား လွန်ခဲ့သည့် သြဂုတ်လ (၅)ရက်နေ့၌ တရားဝင် ပယ်ချထားသည့်အဖွဲ့ ဖြစ်ပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးရေးဖြင့်သာ ဖြေရှင်းရန် စစ်အစိုးရအား တိုက်တွန်းထားသည်။

မွန်ပြည်သစ်ပါတီက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံကြောင်း တရားဝင် ပြန်ကြားခဲ့သည့်နောက် ပါတီ၏ ပိုင်ဆိုင်မှုနှင့် ခေါင်းဆောင်တချို့ ၏ မရွေ့ပြောင်းနိုင်သည့် အိမ်မြေခြံကို ရောင်းချခြင်း ခွင့်မပြုကြောင်း စစ်အစိုးရက ကန့်သတ်ချုပ်ချယ်မှုများလည်း ရှိနေကြောင်း သိရသည်။

အိပ်မက်ပုံပြင် - အငဲ

September 9, 2009 0 comments
အိပ်မက်ပုံပြင်
တေးရေး - လင်းလင်း
တေးဆို - အငဲ
အယ်လ်ဘမ် - ကိုး

Key - E (Dbm)
Intro - Dbm A B Bb7

Dbm
ညရင်ပြင် ဟိုးအဝေးမှာ

A
အလင်းကြယ်ရောင် ဖျော့အောက်မှာ

Dbm
မျက်ဝန်းတစ်စုံရယ် တိတ်ဆိတ်စွာ

A
ငါ့အာရုံထဲ တိုးဝင် နေရာယူရင်း


ကောင်းကင်ပြင် မိုးသားအလယ် / ထဲ
အတိတ်ပုံရိပ်များ လွင့်နေ
ဆေးရောင်စုံ မင်းအနမ်းများ
တစ်စစီ ငါလိုက်ကောက်ကာ

B A
ခေါ်သံများလား မပီပြင် ဝိုးတဝါး မိုးသား များထဲ

B A B
တွေဝေဆဲပဲ ကမ္ဘာမြေပြင် အဆုံးစွန်

Db Db A B
ထွက်ပြေး ဝေး တို့အရိပ်တွေလည်း ချောက်နက်တွေထဲ

Db Db A B A
ထွက်ပြေး ဝေး တို့အတိတ်တွေလည်း အိပ်မက်တွေထဲ ပျောက်ကွယ်အဝေး

ထွက်ပြေး ဝေး တို့အရိပ်တွေလည်း မိုးသားတွေထဲ ပျောက်ကွယ် အဝေး

ကိန်းဂဏန်းများနဲ့ အငဲ

0 comments


ယုယ

နာမည်ကြီး ရော့ခ်အဆိုတော် အငဲမှာ အခြားအဆိုတော်တွေထက် ထူးခြားမှုတွေ ရှိတယ်။ သူရဲ့ယခင်တေးစီးရီးတွေမှာလည်း ကိန်းဂဏန်းတွေပါတဲ့သီချင်းတွေ မပါပေမဲ့ တေးစီးရီးရဲ့ နာမည်ကိုကျတော့ ဘယ်နှခွေမြောက် ဆိုပြီးတော့ နာမည်အဆန်းလေးတွေ ပေးတတ်တယ်။

သူရဲ့ (၆)ခွေမြောက် တေးစီးရီးကို ဆဌမအာရုံ ဆိုပြီး ပေးခဲ့တယ်။ (၇)နှစ်ခွေမြောက်ကို ခုနှစ်ထွေအက တဲ့။ (၈)ခွေမြောက်ဆိုရင် ရှစ်သိန်းရှစ်သောင်းကမ္ဘာ လို့ ပထမက ပေးခဲ့တယ်လို့ ကြားဖူးတယ်။ ဆင်ဆာကြောင့်လား၊ ဘာကြောင့်လဲတော့ မသိဘူး။ နောက်ပိုင်း အခွေထွက်လာတော့ ဇစ်မြစ် ဆိုပြီး ဖြစ်သွားရော။ (ဘာမှ မဆိုင်ဘူ့းနော်)။

စက်တင်ဘာ ၉ ၂၀၀၉ ဒီနေ့မှာ ထွက်တဲ့(၉)ခွေမြောက် စီးရီးကို ကျနော့်လို မြေခြားမှာ ရှိနေတဲ့ လူတစ်ယောက်အနေနဲ့ နားမထောင်နိုင်ဘူးလို့ ထင်ကြမှာပါ။ ဒါပေမဲ့ ထုတ်လုပ်သူနဲ့ အငဲ ကို တောင်းပန်ပါတယ်။ ကျနော် အခုလေးဘဲ ကာဗာရော၊ စာအုပ်ရော၊ သီချင်း(၁၂)ပုဒ်လုံးရော ရလိုက်တယ်။ (မူရင်းအခွေ လက်လှမ်းလို့ ဝယ်လို့ရရင်တော့ ဝယ်ထားဦးမှာပါ။ (ချော့တာ အလကား တစ်ခါမှ မဝယ်ဘဲနဲ့) အခု နားထောင်နေတယ်။ အငဲရဲ့ ကိုယ်ပိုင်သံစဉ် အဖြစ် ထွက်လာတဲ့ ပထမဆုံးအခွေ ဆိုတော့ နားထောင်ချင်နေတာ။ အဲ(၉)ခွေမြောက်မှာ ကိန်းဂဏန်းတွေ ပြန်ပါလာတယ်။ အယ်လ်ဘမ်နာမည်ကို "ကိုး"လို့ ပေးထားတယ်။ (အံရော) (၁၀)ခွေမြောက်ကျရင် ဘာနာမည်ပေးဦးမလဲ မသိဘူး။ ပထမအခေါက် နားထောင်ပြီးသွားတော့ အပုဒ်နံပါတ် (၆) လင်းလင်း ရေးတဲ့ ငါ့စိတ်နဲ့ငါ ဆိုတဲ့သီချင်းက နားထဲမှာ စွဲနေတယ်။ အဲဒီအပိုဒ်က လင်းလင်းရဲ့ အငွေ့အသက်တွေ တွေ့ရတာ အနည်းဆုံး ဖြစ်ပြီး အငဲရဲ့ သီဆိုဟန် ကောင်းလွန်းတာကြောင့် ကြိုက်တာပါ။ သီချင်းကောင်းလေးတစ်ပုဒ်လို့ ဆိုရမှာပါ။

အပုဒ် နံပါတ် (၄)က နအဖရဲ့ လှည့်ကွက်ထဲကို မဝင်ချင်တော့တဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ရဲ့ ငြီးထွားသံလားလို့ နာမည်ကိုက "ဗျူဟာ"တဲ့။ နောနော် ရေးတာ။ အငဲတောင် နောနော် သီချင်းဆိုလိုက်တော့ နောနော်ရဲ့ ဆိုဟန်တွေ သီချင်းမှာ ပါလာတာ တွေ့ရတယ်။

မြင်နေဆဲ မရှောင်နိုင်ဘူး ငါမှားခဲ့
မနွယ်ပါနဲ့ မာယာအသေကြီးနဲ့
အိပ်မက်ထဲ ပုံစံလာမပေးနဲ့ နောင်တကြီး ငါပြန်မလိုချင်ဘူး။

အေးဆေးနေ ဝေးဝေးနေ နောက်ထပ် ငါ့ကို မလှည့်ဖျားနဲ့

နာရီတိုင်း ဗျူဟာတွေ မခင်းနဲ့ နွံအိုင်မှန်း သိမှတော့ ထပ်မဆင်းဘူး

အဲဒီအထဲက "ပညတ်တွေ ကိုယ်ကျင့်တရားတွေ ရှိရက်နဲ့ ငါ့မှာ ကျဆုံးခဲ့"ဆိုတဲ့စာသားက မြန်မာပြည်မှာ သိပ်မှန်တယ်။

ကြားထဲမှာ မောင်မောင်ဇော်လတ် ကလည်း "ငါ့စိတ်ကို မီးမရှို့ပါနဲ့"တဲ့။ အော်ပြီးတော့ကို ဆိုထားတာ။ မောင်မောင်ဇော်လတ် ရေးတဲ့ "နောက်ဆုံးမိနစ်" သီချင်းက လင်းလင်း ဆိုဖူးတဲ့ "ခေါက်ရိုးကျိုး" သီချင်းလို နောက်အခန်း နောက်ဆုံးအနမ်း၊ နောက်ဆုံးလမ်းခွဲချိန် နောက်ဆုံးနေ့ နောက်ဆုံးအထိတော့ နောက်ဆုံးထွက်သက် နောက်ဆုံးအိပ်မက် နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်" ဆိုပြီးတော့ အငဲရဲ့ ငိုဟန်နဲ့ လူငယ်တွေ ကြိုက်မဲ့သီချင်းလေးတစ်ပုဒ် ဖြစ်မှာပါ။ ဒီသီချင်းကလည်း ကိုယ်ပိုင်သံစဉ် လို့ ပြောထားပေမဲ့ အင်္ဂလိပ်သီချင်း တော်တော်များများမှာ နားထောင်ဖူးသလို ခံစားလိုက်ရတယ်။ (အေးလေ သူက ကိုယ်ပိုင်ဆိုတော့ ကိုယ်ပိုင်ပေါ့)

နောက်တစ်ပုဒ်က အငဲ တစ်ခါမှ မဆိုဖူးတဲ့ နေ့တိုင်းရုန်းကန်နေရတဲ့ စားဝတ်နေရေးအတွက် အကောင်းဆုံး အိပ်မက်မက်တတ်တဲ့သူတစ်ယောက်ရဲ့ ခံစားချက်ကို ဖော်ပြထားတယ်။ ပိုက်ဆံလေးတွေ စုချင်တယ်။ လကုန်တိုင်း ဆုတောင်းဆဲကွယ်၊ တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ် တဲ့။ သီချင်းနာမည်ကို "အိမ်"လို့ ပေးထားတယ်။ အငဲ နဲ့ မောင်မောင်ဇော်လတ်ရယ် အိမ်တောင် မရှိသေးဘူးလားကွယ်။ ဒါပေမဲ့ အဓိပ္ပါယ်က အများကြီး သက်ရောက်နိုင်ပါတယ်။ ဒီအပုဒ်မှာ သံစဉ်နဲ့ စာသားက ကောင်းလွန်းပါတယ်။

ချုပ်ပြောရရင် ဒီအယ်လ်ဘမ်မှာ အငဲရဲ့ အရင်သီချင်းတွေရဲ့ မယ်လိုဒီတွေ ပြန်ကြားနေရတယ်။ ပြီးတော့ အငဲရဲ့ အငွေ့အသက်ထက် သီချင်းရေးသူ မောင်မောင်ဇော်လတ်၊ လင်းလင်း၊ နောနော်တို့ရဲ့ အငွေ့အသက်တွေက လွှမ်းထားသလို ဖြစ်နေတယ်။ (တန်းသစ် တေးရေး၊ တေးဆို လင်းလင်း နဲ့ နောနော် ကို လေးဖြူတို့ရော အခု အငဲရော ဘာလို့ အများကြီး သုံးလာရသလဲ မပြောတတ်ဘူး) လေးဖြူရဲ့ နောက်ဆုံးထွက်တဲ့ အယ်လ်ဘမ် BOB မှာ နှုတ်ပိတ် ဆိုတဲ့ သီချင်းကလွဲရင် ကျန်တာအားလုံးကလည်း ဒီတေးရေးရဲ့ ဆိုဟန်တွေ ပါပါလာတတ်တယ်။ (တေးရေးတွေကလည်း တေးဆိုတွေ ဖြစ်နေတာကိုး နားထောင်ဖူးသူတိုင်း သိပါလိမ့်မယ်) အငဲရဲ့ ကိုယ်ပိုင်ဟန်ကို ပြန်ရဖို့ သူကိုယ်တိုင် ရေးရလိမ့်မယ်။ အခုခွေမှာ တစ်ပုဒ်မှ သူ မရေးထားဘူး ခင်ဗျ။ (ဒါပေမဲ့ တန်းဝင်တဲ့ခွေလို့တော့ ဆိုပါရစေ)

အိပ်မက်ပုံပြင် - အငဲ


ယုယ

စက်တင်ဘာ ၈၊ ၂၀၀၉
၁၈ နာရီ ၅၃ မိနစ်

မွန်အမျိုးသားများ တတိယ အင်အားစု ပါတီတစ်ရပ် ဖွဲ့စည်းရန် ပြင်ဆင်နေကြပြီ

0 comments

Kaowao

စံခလပူရီ(၉-စက်တင်ဘာ)။ ။ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဝင် သင့်မသင့် မဆုံးဖြတ်ကြရသေးသော်လည်း လာမည့် ရွေးကောက်ပွဲ ဥပဒေကို သုံးသပ်၍ ပါဝင်သင့်က အဆင်သင့် ဖြစ်နေစေရန် ရည်ရွယ်ပြီး မွန် နိုင်ငံရေးသမား စုစည်းကာ အဖွဲ့တစ်ဖွဲ့ စုဖွဲ့ထားပြီ ဖြစ်ကြောင်း ထိပ်တန်း အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဒေါက်တာ ဗညားအောင်မိုး က ထုတ်ဖေါ် ပြောကြားခဲ့သည်။

“ကျနော်က ဒီအဖွဲ့မှာ ပါဝင်သူ ဆိုပေမဲ့ ပြောရေးဆိုခွင့်ရှိသူတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သိသင့်တဲ့ အချက်တစ်ချို့ကို ပြောပြလို့ရပါတယ်၊ အဓိက ရည်ရွယ်ချက်က အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းမှာ လျှောက်လှမ်းသွားနိုင်ဖို့ပါ၊ လစ်ဘရယ် လစ်ဇင် Liberalism ကို အခြေခံပြီး သွားဖို့ သင့်တော်တဲ့ မူတစ်ရပ်ကို အခြေခံပြီး ကျနော်ကပဲ ဦးဆောင် တင်ပြခဲ့ပါတယ်” ဟု ဆိုပါသည်။

ထို တတိယအင်အားစု မွန်နိုင်ငံရေး အဖွဲ့အစည်း၏ အမည်ကို အတိအကျ မသတ်မှတ်ရသေး၍ မထုတ်ပြန်သေးပေ။ မွန်ပြည်သစ် ပါတီဝင်ဟောင်းများ၊ အဖျက်သိမ်းခံ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ လူလတ်ပိုင်း ခေါင်းဆောင်များ၊ ပညာရှင်များ၊ အငြိမ်းဆရာဝန်၊ ကျောင်ဆရာများ ပါဝင်ကြသည်ဟု သိရသည်။

အဆိုပါ အဖွဲ့အစည်းသစ်၌ မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်တင်အောင်၊ ဗဟိုကော်မတီဝင်ဟောင်း နိုင်မြင့်ဆွေ (ဗိုလ်မှူးကြီးဟောင်း လဝီအောင်)နှင့် နိုင်စိုးမြင့် တို့ ပါဝင်သည် နိုင်အောင်မိုးက ပြောကြားခဲ့သည်။

ပညာရှင်များအုပ်စုတွင် အငြိမ်းစား ပြည်နယ် ကျန်းမာရေးအရာရှိ ဒေါက်တာ မင်းနွယ်စိုး၊ အငြိမ်းစားပြည်နယ် ပညာရေးမှူး နိုင်ငွေသိန်းတို့ ဦးဆောင် ပါဝင်ကြသည်ဟု သိရသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဒေါက်တာ မင်းစိုးလင်း၊ ဒေါက်တာ မင်းကြည်ဝင်း၊ တက္ကသိုလ် နည်းပြ ဆရာဟောင်း မွန်ရာဇာ တို့ ပါဝင်ကြသည်ဟု ဆိုသော်လည်း ကာယကံရှင်များက အတည်ပြု ပြောကြားခြင်း မပြုသေးပေ။ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၉ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ရာ အမတ် ၅ နေရာ ရရှိခဲ့သည်။ ခေါင်းဆောင်များကိုလည်း မကြာခဏ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး ၁၉၉၂ ခု၊ မတ်လ ၁၉ ရက်နေ့၌ စစ်အစိုးရက တရားဝင် ပါတီမှ ရပ်စဲလိုက်သည်။ လက်ရှိတွင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင် ဟု ပါတီထိပ်ပိုင်း ခေါင်းဆောင်များက သတင်းမီဒီယာများကို ဖွင့်ဟ ပြောဆိုခဲ့ကြသည်။

ထို့အတူ မွန်ပြည်သစ်ပါတီသည်လည်း နယ်ခြားတပ် အသွင်ပြောင်းလဲရေးကို လက်မခံကြသည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မည် မဟုတ်ကြောင်း အတိအလင်း ထုတ်ဖေါ် ပြောကြားခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရ တိုင်းမှူးနှင့် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးတို့ လွန်ခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က မော်လမြိုင်မြို့၌ ထပ်မံ တွေ့ဆုံခဲ့ကြပြီးနောက် လာမည့် မကြာခင် ရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပရန် ရှိကြောင်း ဗဟိုကော်မတီဝင်တစ်ဦးက ထုတ်ဖေါ် ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု ဖြစ်ပေါ်နေသည့် လတ်တလော ကာလ၌ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် နိုင်ဥာဏ်ထွန်း၊ နိုင်လဝီမွန်၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ကိုတာ တို့ နှုတ်ထွက်စာ အသီးသီး တင်ထားကြပြီဟု သိရသည်။

အလားတူ မွန်ပြည်သစ်ပါတီအား စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်လာစေရန် ဖြောင်းဖြနားချခဲ့သော KIO ကချင် လွတ်လပ်ရေးအဖွဲ့မှ ဝါရင့်ခေါင်းဆောင် ဒုဥက္ကဌ ဒေါက်တာတူးဂျာ အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင် ၆ ဦးလည်း အသီးသီး နှုတ်ထွက်ခွင့် ရခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်နိုင်ရန် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ KSPP ကို ဖွဲ့စည်းရန် ပြင်ဆင်နေကြပြီ ဟု သတင်းများတွင် ဖေါ်ပြကြသည်။

ဘုရားသုံးဆူမြို့ပေါ်တွင် ဗုံး(၂)လုံး ပေါက်ကွဲ

0 comments
စက်တင်ဘာ (၉) ရက် ၂၀၀၉ ဒီနေ့ မနက်ပိုင်း (၉)နာရီ ၄၅ မိနစ်လောက်မှာ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ ဒီကေဘီအေနှင့် ပြည်သူ့စစ် ဂိတ်ဖွင့်ထားသည့်ကြားနေရာတစ်နေရာမှာ ဗုံးပေါက်ကွဲမှု ဆက်တိုက်(၂)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် လူအသေအပျောက် မရှိသော်လည်း လမ်းမကြီးပေါ်မှာ ဖြစ်ပွားတာကြောင့် ရုန်းရင်းဆန်ခန့် ဖြစ်သွားပါတယ်။ အဲဒီအဖြစ်အပျက်ကို မြင်တဲ့သူ မြို့ခံတွေရဲ့ အပြောအရတော့ ဘုရားသုံးဆူမှာ အခြေစိုက်တဲ့ ခမရ ၂၈၃ က ဗိုလ်ကြီးတစ်ဦးက မဲကသာရွာက ပြန်လာတဲ့အခါ အဲဒီနေရာမှာ အမြဲတမ်း နားနေတဲ့အတွက် အခုလို ဖောက်ခွဲတာလို့ ဆိုပါတယ်။

ဒါပေမဲ့ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ မသေချာသေးဘူးတဲ့။

အဲဒီဗိုလ်ကြီးက ကေအန်ယူ ထိန်းချုပ်ထားတဲ့ မဲကသာရွာကို နေ့တိုင်း သွားပြီး ဒီကေဘီအေ တပ်တွေရဲ့ ကတုတ်ကျင်း ဆောက်နေတာတွေကို စစ်ဆေးပြီး ပြန်လာရင် အဲဒီဗုံးပေါက်ကွဲတဲ့နေရာမှာ နားတတ်တယ်လို့ ဆိုကြပါတယ်။ ဒီနေ့ ပေါက်ကွဲတဲ့အချိန်က အဲဒီဗိုလ်ကြီးက နေရာကနေ ထွက်သွားတာ မိနစ်ပိုင်းလောက်ဘဲ ရှိသေးတယ်တဲ့။

(ချ ချ ........ ထိအောင် ချ။ နောက်တစ်ခါကျရင် )

အချိုးအကွေ့နဲ့ ဖြစ်တည်ချက်များ

September 8, 2009 0 comments

တက်နေဆည်းဆာ


ကျနော့်မှာ အမြဲတမ်းလိုလို အမြင်မတူတတ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ ဘာကြောင့် အမြင်မတူရတာလဲ ဆိုတော့ ကျနော့်မှာ ရှိတဲ့ အရည်အချင်းအတိုင်း သူအမြဲ ရှိချင်လို့ ဆွေးနွေးတဲ့အခါ အမြဲတမ်း ငြင်းခုန်နေရတဲ့ သူငယ်ချင်းပါ။ သူက ပုစ္ဆာတစ်ပိုဒ်ကို အဖြေရှာရာမှာ “ကျောင်းတစ်ကျောင်းထဲက တစ်တန်းထဲသားတွေ ပထမဆု လုတဲ့နည်း” သုံးပြီး ငြင်းခုန်ကြတဲ့ အရက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ထဲက ဝိုင်းသားတွေ သူ့ကို အထင်မသေးစေချင်လို့သာ သူ့အမြင်မှန်ကြောင်း အလျော့မပေးဘဲ ငြင်းခုန်တတ်တဲ့သူငယ်ချင်းပေါ့။


သူနဲ့ တွေ့ဖြစ်တာ ဟိုးတက္ကသိုလ်ကျောင်းသားဘဝ ကတည်းကပါ။ စတွေ့တုန်းက သွေးဖောက်သောက်ကြဘို့ ကျနော်ကို တောင်းဆိုခဲ့တဲ့ တစ်ဦးတည်းသော သူငယ်ချင်းဟာလည်း သူပါဘဲ။ သူက ကျနော့်ထက် အစစအရာရာ ပြည့်စုံတဲ့သူ ဆိုလည်း မမှန်ပါဘူး။ ဒါပေမယ့် သူ့မှာက ကိုယ်ပိုင် အရည်အချင်း မရှိဘူး။ ဥပမာ။ ။ တာရာမင်းဝေတို့၊ အောင်ချိမ့်တို့ရဲ့ စာသားတွေကို အလွတ်ကျက်ပြီး ဝိုင်းထဲမှာ ဆရာကြီးဂိုက်နဲ့ ပြန်န် ရွတ်ဆိုတတ်ပြီး ဝိုင်းဖိုးကိုတောင် ရှင်းပေးဘို့ လက်မတွတ်တတ်သူပေါ့။


ကျနော့်အကျင့်က ဝိုင်းထိုင်ကြရင် ထူးခြားတာ တစ်ခုရှိတယ်။ အကြံညာဏ်တစ်ခုခု၊ အလုပ်တစ်ခုခုအတွက်သာ ဝိုင်းထိုင်တတ်တယ်။ ဘာမဟုတ်တဲ့ အရည်မရ၊ အဖတ်မရ အကြောင်းတွေအတွက် မငြင်းခုန်တတ်ဘူး။ ဒီနေ့ သူ တစ်ခုခု မနိုင်တာဘဲဖြစ်စ်၊ စကားလုံးနဲ့ ပစ်ပေါက်ခံလိုက်ရရင်ဘဲဖြစ်စ် အခွင့်သာရင် အမြဲပြန်န် ဖွင့်ဟတတ်တယ်ဗျ။ အသက်ကြီးလာလေ သူနဲ့ စကားပြောရရင် ပိုပိုပြီး ဆင်ခြင်ရလေ ဖြစ်လာတယ်။ သူ့မှာ ဘာအရည်အချင်းမှ မရှိဘူး ဆိုတာ ထင်သာအောင် ပြပါ့မယ်။


လူကြီးတစ်ယောက်ရဲ့သား ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းမှာ တက်ရောက်ကြတဲ့ တောသားတွေက မိဘဆီက ပိုက်ဆံနဲ့ လောက်အောင် အနိုင်င် ကုတ်ခြစ်ပြီး စနေရတဲ့အချိန်မှာ သူက သူ့အဖေရဲ့ သြဇာနဲ့ ချက်ပြုတ်ပြီးသား ထမင်းဟင်းတွေနဲ့ ကိုယ်ပိုင်အခန်းနဲ့ မိဘ ပို့တဲ့ပိုက်ဆံကို ကျောင်းက ကန်တင်းနဲ့ အရက်ဆိုင်တစ်ချို့လောက်မှာဘဲ ဖြုန်းဘို့အတွက် ဖြစ်တယ်။ အဖေအရှေ့မှာဆိုရင် ကုတ်တ် နေတတ်ပြီး နောက်ကွယ်မှာ ဖြစ်ချင်တိုင်း ဖြစ်တတ်တဲ့သူတွေထဲမှာ သူလည်း တစ်ယောက်အပါအဝင်ပေါ့။

တက္ကသိုလ် ပထမနှစ်ကစပြီး လူကြီးတစ်ပိုင်းနဲ့ အမြဲတမ်းလိုလို မျက်မှောင်ကုတ်ပြီး နေတတ်တဲ့ကျနော်နဲ့ အမြဲတမ်း ဟာမွန်းနီးထွက်တဲ့မျက်နှာထားနဲ့ သူနဲ့အကြားမှာ အမြဲတမ်း အထစ်အဟော့ ရှိတတ်တယ်။ ဒါပေမဲ့ လူမှုရေးအလုပ်တွေအတွက် ငြင်းခုန်ကြတာ များပါတယ်။ (ပါစာနယ် ကိစ္စဆို ကျနော်လည်း မငြင်းခုန်တတ်လို့ပါ) အမြဲတမ်း စကားပြန်ပြောကြတယ်။


ကျနော်တို့ အဲဒီတုန်းက တက်သစ်စ လူငယ်(၅)ယောက် ရှိတယ်။ ကျောင်း အတွင်းရေးမှူးသစ် အတွက် လူရွေးဘို့ သာမန်ရိုးကျ အလုပ်တွေထဲမှာ မဆုံးဖြတ်နိုင်လို့ ပျဉ်းမနားဘက်ကို လေ့လာရေးခရီးအဖြစ်နဲ့ ကျနော်တို့(၅)ယောက်ကို ခေါ်သွားတယ်။ (အဲဒီအချိန်တုန်းက လူရွေးဖို့အတွက် သွားကြမှန်း ကျနော် မသိခဲ့ဘူး။ နောက်ပိုင်းမှ သိတာ) အပြန်ကျတော့ အများအပေါ် အနစ်နာခံတတ်မှု၊ ကိုယ်ကျိုးအတွက် ရှေ့တန်း မတင်တတ်မှု၊ အများအား ခေါင်းဆောင်နိုင်တဲ့အရည်အချင်းနဲ့ ပြည့်စုံမှုတို့ကြောင့် ကျနော် အရွေးခံရတယ်။ (ကျနော့်အနေနဲ့ ဒီရာထူးနဲ့ ထိုက်တန်သူလို့ တစ်ခါမှ မထင်ခဲ့ပါ။ အနူတောထဲက ကိုလူချောတစ်ယောက်အနေနဲ့တော့ ကျနော် ဝင်လုပ်ခဲ့ရတယ်ဆိုတာဘဲ ခံယူခဲ့တယ်။


အဲဒီနောက်ပိုင်း သူနဲ့ အလုပ်အတူလုပ်ဘို့ ကျနော် အများကြီး ကြိုးစားခဲ့ရတယ်။ အများကြီး ပေးဆပ်ခဲ့ရတယ်။ သူ့ကို အမြဲလိုလို အလျော့ပေးပြီး ပေါင်းသင်းခဲ့ရတယ်။ ဒါပေမဲ့ သူ့စိတ်ထဲက မနာလိုတဲ့ စိတ်ဆန္ဒကိုတော့ ကျနော် ဖျက်ဆီးလို့ မရခဲ့ဘူး။


လွန်ခဲ့တဲ့(၂၀၀၆)တုန်းက သူနဲ့ ပြန်ဆုံဖြစ်တယ်။ (သူ ကျောင်းပြီးသွားတဲ့အချိန်မှာ အတန်းတူပေမဲ့ ကျနော် ကျောင်းတစ်နှစ် နောက်ကျခံလိုက်ရတယ်။ ကျနော် ကျောင်းပြီးတော့ တောတစ်နေရာမှာ လုပ်အားပေး ကျောင်းဆရာတစ်ယောက်အနေနဲ့ ဝင်လုပ်ဖြစ်သေးတယ်။ (၂၀၀၆)ကျမှ အလုပ်ပြောင်းရင်းနဲ့ သူနဲ့ ပြန်ဆုံဖြစ်တယ်။


အဲဒီအချိန်တုန်းက ဒီနယ်စပ်ကို ရောက်နေတာ (၃)နှစ်နီးပါးလောက် ရှိပြီ ဆိုပေမယ့် အင်္ဂလိပ်စကား မကောင်းသေးဘူးခင်ဗျ။ ဒါပေမဲ့ ဘယ်ဝိုင်းမှာဘဲဖြစ်စ် အင်္ဂလိပ်လို ကြားညှပ်ပြီး ပြောရမှ ကျေနပ်တတ်သူအဖြစ် သိပ်မကြာခင်မှာဘဲ ကျနော် သိလိုက်တယ်။ ဥပမာ။ ။ သူပြောနေကျစကားထဲက “ဘယ်လိုပြောရမလဲ။ Transferency လိုတယ်ကွ လူတိုင်းမှာ” အဲဒီအချိန်မှာ သူ့ကို Transferency ကဘာလဲကွလို့ ပြန်မေးရင် ဆရာကြီးဂိုက်နဲ့ သောက်တလွဲ ပြန်ဖြေတော့တာဘဲ။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်စ် ကျနော် သီးခံပြီး အရက်ဆိုင်တွေမှာ အတူထိုင်ခဲ့ကြတယ်။


သူ့ကြောင့် ရွာက ကာလသားအယောက်(၄၀)လောက် စုရုံးလာပြီး ကျနော်တို့ကို ချဘို့ လုပ်လာလို့ လူစုခွဲခဲ့ရဖူးတယ်။


သူ့ကြောင့် အသစ်ဝယ်လာတဲ့ တစ်ချောင်းတည်းသော ဆိုင်ကယ်သော့လည်း တံတားအမြင့်ကြီးပေါ်ကနေ ပြုတ်ကျသွားလို့ နှစ်ပတ်လောက် ဒုက္ခရောက်ခဲ့ဖူးတယ်။


ညသန်းခေါင်ယံ (၁၂)နာရီကျော် သုံးလေးနေရာလောက် သောက်လာပြီးမှ ကျနော့်ကို လာရှာပြီး ကျနော့်တို့ရုံးမှာ သောက်ကြလို့ သူ့စကားသံကြောင့် အိမ်နီးချင်းတွေ ဆဲတဲ့ဒဏ်လည်း ကျနော် ခံခဲ့ရဖူးတယ်။

……………။

……………။


ဒါပေမဲ့ ဒီအချက်အလက်အများစုကို မနက်မိုးလင်းရင် သူ မမှတ်မိတတ်ဘူး။ (ကျနော့်ဆိုင်ကယ်သော့ ကျသွားတာကို သူ့ကို ပြန်ပြောတာ မမှတ်မိဘူးတဲ့။ အဲဒီအခါမှ အခြားသူငယ်ချင်းတွေလည်း ပြောတော့မှ ငါ အမူးလွန်သွားတယ်ကွာ။ မမှတ်မိဘူး။ အဲဒီလောက်ဘဲ ထွက်လာတယ်။


ဒီ (၂၀၀၈)ကုန်ပိုင်းမှာ ကျနော် အလုပ်ပြောင်းလိုက်မလို့ လုပ်တော့ အလုပ်အသစ်အတွက် ခဏ စောင့်နေရတယ်။ အဲဒီအချိန်မှာ ကျနော်တို့ဒေသက အာဏာအကြီးဆုံးရှိတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ ရုံးမှာ နေနေခိုက် သူ့ကိုယ်သူ ရုံးတာဝန်ခံလိုလို၊ အထက်ကလူကြီးတွေရဲ့တိုက်ရိုက်ဆက်သွယ်လို့ရတဲ့အထူးအခွင့်အရေး ရထားတဲ့ ရုံးသားကို ထိုးလိုက်မိလို့ ကျနော် နေရာထပ်ပြောင်းရတယ်။ (အမှန်တကယ်က ကျနော် အရင်ထိုးဘို့ မဟုတ်ဘူး။ သူက မူးနဲ့ အရှိန်နဲ့ ကျနော့်ဆီ ပြေးဝင်လာလို့ သူအရှိန်နဲ့သူ ခံရတာပါ။ ဒါပေမဲ့ နှာခေါင်းသွေးယိုလိုက်တာမှ အင်္ကျီတစ်ထည်လုံး နီသွားလို့ ကျနော် အပြစ်ပိုကြီးသွားတာပါ။ တကယ်လို့ ကျနော်လည်း တစ်နေရာမှာ ထိခဲ့ရင် ဘယ်သူအလွန်ဆိုတာ ပြောဘို့ ခက်လိမ့်မယ်။) အဲဒီအချိန်မှာ လူကြီးတွေရဲ့ စီစဉ်ပေးမှုအရ ကျနော် ပြောပြနေတဲ့သူငယ်ချင်း ရဲ့ ရုံးဆီမှာ ခတ္တ ခိုလှုံနေရပြန်တယ်။

အဲဒီအချိန်မှာ ကျနော်က အလုပ်မရှိတဲ့ကောင် ဆိုတဲ့သူ့အကြည့်ကို စပြီး ခံလိုက်ရတယ်။ ကျနော် ဒီလို ဖြစ်နေတာကို သူ ပျော်နေပါလား ဆိုတာ တစ်ပတ်လောက် ကြာမှ ရိမ်မိခဲ့တယ်။ အဲဒီအချိန်မှာ ဌာနေဘာသာနဲ့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့လစဉ် သတင်းစာတစ်စောင် ထုတ်တဲ့သူငယ်ချင်း အယ်ဒီတာကို ကူညီဘို့နဲ့ အရက်ဆိုင်သွားဖို့ ညနေတိုင်း အပြင်ထွက်ဖြစ်တယ်။ (အခု ကျနော့်ကို ထားတဲ့နေရာက ကွန်ပျူတာ၊ အင်တာနက် မရှိဘူးဗျ။ ဒါကြောင့်လည်း သိပ်မဝေးတဲ့ အယ်ဒီတာ သူငယ်ချင်းရဲ့ ရုံးမှာ ညပိုင်း ကွန်ပျုတာ၊ အင်တာနက်ကို (မိုးလင်းတဲ့အထိ) ကိုင်ပြီး မနက် မုန့်ဟင်းခါး စားပြီးတာနဲ့ တစ်နေကုန် အိပ်တော့တာဘဲ။

အဲဒီမှာ သူနဲ့ စပြီး ပြဿနာဖြစ်တော့တာဘဲ။ တစ်ခါတစ်လေ ညပိုင်း ကျနော် တိတ်တဆိတ် ပြန်လာတတ်တယ်။ ဒါနဲ့ ညပိုင်း ပြန်လာနေတယ်ဆိုတာ အပြင်အဆောင်က မိန်းကလေးတွေက ရုံးလူကြီးတွေကို တိုင်ပြောထားတယ်။ အိပ်ပိုင်း အသံကြားနေတာကို ဘေးအိမ်ကလူတွေ သွားတိုင်ထားတယ် ဆိုပြီးတော့ ကျနော့်ကို အကြပ်ကိုင်တယ်။ အမှန်တကယ်က ကျနော် သူ့နေရာမှာ တစ်ခါမှ မသောင်းကျန်းဖူးပါ။ အရက်တွေ၊ ဘီယာတွေ ဝယ်ဘို့ ပိုက်ဆံပေးပြီး ကျနော့်ကို သွင်းခိုင်းတာလဲ သူပါဘဲ။ သူ့အကျင့်က နည်းည်း အရှိန်ရလာရင် ရပ်လို့ မရတတ်ဘူး ဆိုတာ သူငယ်ချင်းတိုင်း သိတယ်။ အဲဒီလို ဖြစ်လာရင် ကုတင်အောက်က ကြွဝင်နေတယ်ဆိုပြီးတော့ တုတ်ရှာ၊ ဓါးရှာပြီး ညပိုင်း ဆူဆူညံညံ လုပ်တာလဲ သူပါ။ သူတို့ရုံးက ဆိုင်ကယ် နောက်မှန် ထွက်သွားရတာလဲ တရားခံက သူပါ။ သူငယ်ချင်းတိုင်း သိပါတယ်။ ဒီလိုနဲ့ တစ်ညမှာ သူ့ဆိုင်ကယ် ယူသွားမိလို့ ကျနော့်ကို စိတ်ဆိုးတာကို တိုက်ရိုက် မပြောဘဲ ကျနော် ရောက်လာတော့ “မင်း ဒီလို နေလို့ မရတော့ဘူး။ ပစ္စည်းသိမ်းတော့၊ ဘာညာ” ဆိုပြီး ထပ်ခါထပ်ခါ ရန်ရှာတော့တာဘဲ။ ကျနော်လည်း ပြန်ပြောပါတယ်။ “မင်းတို့ရုံးက ဆိုင်ကယ်ကို သုံးမိလို့ စိတ်ဆိုးတာလား၊ ဒါဆို မသုံးတော့ဘူး”ဆိုပြီးတော့။ ဒါပေမဲ့ နောက်ဆုံး ကျနော် ပြောထွက်သွားတာက “ဒီဆိုင်ကယ်က မင်းကိုယ်ပိုင်ဘီး မဟုတ်ဘူးကွ။ ရုံးက ဆိုင်ကယ်။ မနက်က မင်းတို့ရဲ့ ဟိုဘက်ရုံးက ဆိုင်ကယ် လိုနေတာ မင်း ဘာလို့ ယူမသွားပေးတာလဲ”ဆိုတာလည်း ထွက်သွားရော “ဒါက မင်းနဲ့ ဘာဆိုင်လဲ၊ ဒါ ငါ့ကိစ္စကွ၊ မင်းပြောစရာမလိုဘူး”ဆိုပြီး စတော့တာဘဲ။ သူလည်း သူ့ရုံးက ဆိုင်ကယ်တစ်စီးက တစ်ယောက်တည်း အပိုင်ယူထားတယ်။ ဒါပေမဲ့ ရုံးကလူတွေက မပြောချင်လို့ မပြောကြတာပါ။ သူတို့ရဲ့ ဟိုဘက်ရုံးက ဆိုင်ကယ်အစုတ်တစ်စီးကိုဘဲ အားကိုးနေရတယ်။ အခု ကျနော် ယူသွားတဲ့ဆိုင်ကယ်က သူ့ကိုယ်ပိုင်ဆိုင်ကယ်ထက်တောင် သူယူဆထားတာ။ ဒါနဲ့ စကားသံကျယ်တဲ့သူကလည်း သူပါဘဲ။ ဒါနဲ့ သူ့ရဲ့လူကြီးတစ်ယောက်ဆီ ဖုန်းဆီလိုက်ရော။ “ဒီမှာ ကို……….. မူးပြီး သောင်းကျန်းနေတယ်။ အိပ်လို့မရဘူး။”လေ့ ငိုသံလေးနဲ့ တိုင်လိုက်ရော။ အဲဒီအချိန်မှာ ကျနော် (ကိုယ်ပိုင်ဝယ်လာတဲ့)ထမင်း စားနေတုန်းပေါ့။ “ဟေ့ ဟေ့ ငါ သောင်းကျန်နေတာ မဟုတ်ဘူးကွ။ မင်းဘာသာ လာရန်ရှာတာ”ဆိုပြီးတော့ ပြောလိုက်တယ်။ အံ့သြစရာက အဲဒီကောင်က ကျနော့်ကို အကို ဆိုပြီးတော့ တစ်ခါမှ ခေါ်ခဲ့ဖူးတာ ကျနော် မကြားမိဘူး။ အသက်အရွယ်ကလည်း အတူတူတွေဘဲလေ။ ဒါနဲ့ သူ မအိပ်ရဲရင်လည်း ဟိုဘက်ရုံးမှာ သွားအိပ်နေပါ ဆိုတဲ့အဓိပ္ပါယ်မျိုးနဲ့ ဖုန်းချပြီး သော့ပိတ်၊ ဆိုင်ကယ်စီးပြီး ထွက်သွားပါလေရော။ သြော် ထွက်မသွားခင် ကျနော့်ကို ပြောလိုက်သေးတယ်ခင်ဗျ။ “မနက်ဖြန် ရုံးမှာ သွားရှင်းတော့ သိတယ် မဟုတ်လား”ဆိုပြီးတော့လေ။


သူ ပြောတဲ့အတိုင်းပါဘဲ။ နောက်နေ့ ရုံးမှာ သွားရှင်းလိုက်ရတယ်။ သူ ကျနော့်ကို သွားတိုင်ထားတာ အမှု(၉)မှုတောင်ဗျ။ ဆိုင်ကယ်ရှေ့မှန် ထွက်သွားတာတို့၊ ညအချိန် သူ မူးရင် ကြွထရိုက်ပြီး သောင်းကျန်းတာလဲ ကျနော်ပါတဲ့။ အံ့ရော။ ကျနော် အဲဒီအချိန်မှာ တကယ့်ဒေါသ ထွက်လာတယ်။ ဒါပေမဲ့ ကျနော် ဖြောင့်ချက် မပေးဘူး။ ဒါတွေအားလုံးဟာ သူ့ကြောင့်ပါ။ သူ လုပ်တာပါ ဆိုပြီးတော့လည်း ကျနော် ပြောလို့မထွက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့မနာလို၊ ဝန်တိုတတ်တဲ့စိတ်ကို ကျနော် သိနေတာ ကြာခဲ့ပါပြီ။

ခွင့်လွှတ်ခဲ့ပေါင်းလည်း များခဲ့ပါပြီး။ ဒါနဲ့ ကျနော့်ကို အဲဒီမှာ ဆက်ထားရေး၊ မထားရေး အထိ လူကြီးတွေ ခေါင်းကိုက်ခံလိုက်ရတယ်။ အဲဒီမှာ ကျနော့်ကို ကြည့်လို့မရတဲ့လူကြီးတော့ ရှိတယ်။ အဖွဲ့အစည်းကြီးကြီးထဲက ရုံးသားတစ်ဦးကိုလည်း ကျနော် ထိုးခဲ့ဖူးတယ် ဆိုတာ ရှိခဲ့တာကိုး။ ရာဇဝင်ရှိခဲ့ဖူးတာပေါ့။ ဒါပေမဲ့ သူတို့တွေ မဆုံးဖြတ်ရဲခဲ့ဘူး။ ဆက်ထားရေး၊ မထားရေးက သူနဲ့ ကျနော်တို့နှစ်ယောက်ရဲ့အပေါ်မှာသာ မူတည်တယ်ဆိုပြီး ကျနော့်ကို ညှိခိုင်းလိုက်တယ်။ ဒါနဲ့ ထမင်းစားပြီးသွားတော့ သူ့ဆီ ကျနော် စကားသွားပြောတယ်။ ကျနော့်မျက်နှာကိုတော့ သူ မကြည့်ရဲဘူး။ ကျနော် ဘာပြောလဲဆိုတော့ “မင်းဘဝ အခုလောလောဆယ်က မင်းလက်ထဲမှာ ရှိပါတယ်။ မင်းကြိုက်သလို လုပ်လို့ရပါတယ်။ ငါ့ဘက်ကတော့ မင်းဟာ ငါ့သူငယ်ချင်းတစ်ယောက်အနေနဲ့ဘဲ မြင်ပါတယ်”လို့ ပြောလိုက်တယ်။ အဲဒီကောင်ရဲ့မျက်နှာ ငိုမဲ့မဲ့ အထိ ဖြစ်ခဲ့တယ်။ ဘာကြောင့်ဆိုတာတော့ ကျနော် မသိဘူး။ “ဟိုဘက်ရုံးကိုဘဲ ပြန်သွားပါ။ ငါ ရှင်းလိုက်မယ်”လို့ သူ ပြောလို့ ကျနော် ပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျနော့်ပစ္စည်းတွေကိုတော့ ထုတ်ပိုးသိမ်းဆည်းထားပြီးသား။

ညနေ သူရောက်လာတော့ ဘာထူးလဲလို့ ကျနော် မေးလိုက်တယ်။ ဒါပေမဲ့ သူ ကျနော့်ကို မျက်နှာချင်း မဆိုင်ရဲတော့ဘူး။ ကျနော်လည်း အဲဒီမှာ ဆက်နေချင်စိတ် ကုန်သွားတယ်။ ကျနော် ရုံးအထက်လူကြီးတွေဆီ ရောက်သွားတဲ့သတင်းက သူငယ်ချင်းတွေကြားကြတော့ အားလုံး ခံပြင်းနေကြတယ်။ အဲဒီကောင်နဲ့ ရှင်းချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့စိတ်နဲ့ အကျင့်စရိုက်ကို ပေါင်းဖူးတဲ့သူငယ်ချင်းတိုင်းက သိနေကြလို့ဘဲ ဖြစ်တယ်။ ကျနော် မလွန်ပါ။ သူ့ကိုယ်ပိုင် ဆိုင်ကယ်အဖြစ် ယူဆထားတဲ့ဆိုင်ကယ် ယူသွားမိလို့ ရုံးလူကြီးတွေအထိ ရောက်ခဲ့ရတယ်ဆိုတာကိုလည်း လူတိုင်းက သိနေကြလို့ဘဲ။


ဒါနဲ့ ကျနော် အိမ်တစ်အိမ် ငှားလိုက်တယ်။ ပစ္စည်းတွေတော့ မပြောင်းရွေ့ရသေးဘူး။

ရုံးရောက်ကြပြီးနောက်ပိုင်းမှာ သူ ဘာထပ်လုပ်သေးလဲဆိုတော့ နေ့ပိုင်းအချိန်ကျရင် သူ ဟိုဘက်ကမ်းက ရုံးမှာ သွားရတဲ့အချိန်ဆိုရင် အိမ်သာသော့ကို ခတ်သွားတယ်။ ကျနော်ကလည်း မျက်နှာချင်း မဆိုင်မိအောင် အဲဒီရုံးမှာ မအိပ်တော့ဘူး။ ခက်တာက အိမ်သာသော့ ပိတ်သွားလိုက်တယ် ဆိုကတည်းက ကျနော့်ကို သူ မနေစေလို့တော့ကြောင်း အချက်ပြပြီးသား ဆိုတော့ ကျနော့်လည်း ငှားထားတဲ့ အိမ်မှာဘဲ အဝတ်အစားမရှိ၊ ဘာမရှိနဲ့ နေခဲ့ရတယ်။ သူငယ်ချင်းတွေ ကောင်းလို့သာ အိမ်ငှားတာတို့၊ စားရေးသောက်ရေးတို့ ကျနော် အဆင်ပြေခဲ့တာပါ။


ဒါနဲ့ အဲဒီသူငယ်ချင်းဆိုသူကို တွေ့ရင် တတ်နိုင်သလောက် အဆင်ပြေအောင် ကျနော် ကြိုးစားပြီး ဆက်ဆံပါတယ်။ ဒါပေမယ် ကျနော့် အရက်ဝိုင်းကိုတော့ တစ်ခါမှ မဖိတ်တော့ဘူး။ သူ့သွားတဲ့ဝိုင်းတွေ၊ သူ့ရှိတဲ့ဝိုင်းတွေဆိုလည်း ကျနော် ရှောင်ပါတယ်။ နောက်ပိုင်း (လွန်ခဲ့တဲ့အပတ်တွေထဲကမှ ကျနော်တို့ မဖိတ်ခေါ်ဘဲ ကျနော့်တို့သောက်နေကျ ဝိုင်းဆီက တစ်ယောက်ထဲ ရောက်လာခဲ့တယ်။ အဲဒီတုန်းက ကျနော် အဆင်ပြေသလို စကားပြောခဲ့သော်လည်း အခြားသူငယ်ချင်းတွေက သူ့ကို ရှောင်လိုကြတယ်။ သူ့နဲ့ မသောက်ချင်ဘူး။ ကိုယ်တိုက်တဲ့အရက်ကို သူ့သောက်ပြီး ကိုယ့်မကောင်းကြောင်းကို လူကြီးတွေဆီ သွားဇာတ်လမ်းဆင်မှာ ကြောက်ကြလို့သာ မသောက်ချင်ကြတာပါ။ သူရှိနေရင် အားလုံးက တိတ်ဆိတ်နေတယ်။ စကားပြောတာ ဆင်ခြင်နေကြရတယ်။ လျှောက်ပြောနေလို့လဲ မရဘူးလေ။ နောက်ကွယ်ကျရင် လူကြီးတွေကို သူတောင်ကောင်း လုပ်လိုက်ရင် အစားခံရဦးမှာ ဆိုတော့လေ။ ဒါနဲ့ လွန်ခဲ့တဲ့အပတ်ကမှ ကျနော်တို့ဝိုင်းဆီ သူထပ်ရောက်လာတယ်။ ဒါပေမယ့် ကျနော့်သူငယ်ချင်း အယ်ဒီတာကြီးက သူ့နဲ့ ဆက်မသောက်ချင်လို့ ကျနော်တို့ အကြောင်းပြပြီး ရှောင်ထွက်လိုက်တယ်။ အခု ကျနော်လည်း အခြေကျနေပြီလေ။ ရုံးအလုပ်အပြင် လူမှုရေးအလုပ်တွေ၊ အခြားအလုပ်တွေကိုပါ ကျနော် ပြန်စလာနိုင်ပြီ။ အဲဒီသူငယ်ချင်းဆီ တစ်ခါမှ မရောက်ဖြစ်ဘူး။ သူ ရှိတဲ့ရုံးကို သွားရင်တောင် အခြားသူတွေနဲ့ သွားတွေ့ဘို့ အကြောင်းဖန်လာလို့သာ သွားတာပါ။


ဒါနဲ့ ညက (၁၁)နာရီခွဲလောက်မှာ မမျှော်လင့်ဘဲ သူဖုန်းခေါ်လာတယ်။ ကျနော့်ဆီလာပြီး သောက်ဘို့ပါ။ ဒါပေမယ့် စကားပြောရတာက ကျနော်နဲ့ မဟုတ်ဘူးခင်ဗျ။ သူငယ်ချင်း အယ်ဒီတာကြီးက လာခဲ့ဘို့ ဖိတ်လိုက်တယ်။ ကျနော့်တို့ငှားထားတဲ့အိမ်မှာ သောက်ဘို့ပေါ့။ တစ်မိနစ်တောင် မကြာဘူး သူ ရောက်လာတယ်။ (အမှန်တကယ်က သူ ဖုန်းဆက်တဲ့အချိန်မှာ အိမ်အပြင်က လမ်းမမှာဘဲ ရှိနေတာကိုး) ဒါပေမဲ့ ကျနော်ကတော့ သူ့ကို လက်ခံဘို့ လုံးဝ သဘောမတူဘူး။ ဒါပေမဲ့ နောက်ကျသွားပြီ။၊ သူ ရောက်လာတော့ မူးနေပြီးသားနဲ့ အရက်တစ်ပိုင်း ပါလာသေးတယ်ခင်ဗျ။ သူငယ်ချင်းအသစ်တစ်ယောက်လည်း ပါလာတယ်။ အဲဒီမှာ သူ့ကို ကျနော့်သူငယ်ချင်းအားလုံးက ကြည့်လို့မရဘူးဆိုတာ သူလည်း သိလိုက်တယ်။ ဥပမာ။ ။ သူ့ကို “သုံးမရတဲ့သူ”လို့ အဓိပ္ပါယ် ထွက်စေတဲ့ နာမည်တွေ ပြောင် ခေါ်သုံးတယ်။ ပြီးတော့ မူးနေတာက သူ့တစ်ယောက်တည်း မဟုတ်ဘူး ခင်ဗျ။ ကျနော်တို့တစ်စုလည်း ဘုန်းကြီးကျောင်း ပွဲတော်မှာ ပစ္စည်းတွေ သုံးပြီး ပွဲတော် ပြီးစီးကြောင်း ဝိုင်းဖွဲ့နေတာ ညနေ (၁)နာရီခွဲကတည်းကပါ။ သူ မူးတာထက် ကိုယ့်သူငယ်ချင်းတွေက ပိုမူးနေတာလို ပြောရမလားဘဲ။ သူ့ကို ရစ်လိုက်၊ သူကလည်း ပြန်ရစ်လိုက်နဲ့ (၁၂)နာရီတောင် ထိုးတော့မယ်။ အရက်ကလည်း ကုန်နေပြီဆိုတော့ ထမင်းတစ်ပန်းကန် ယူလာပြီး ဝိုင်းအနားမှာ ကုလားထိုင်တစ်လုံးပေါ် ထိုင်ပြီး စားနေတယ်။ အဲဒီအချိန်မှာ နာရီထပ်ကြည့်ချင်လို့ သူငယ်ချင်းအယ်ဒီတာကြီးကို ဖုန်းခဏ ကမ်းပေးဘို့ အကူအညီတောင်းလိုက်တာ မှားပါလေရော။

ကျနော် ဖုန်းတောင်းတာကို သူငယ်ချင်း အယ်ဒီတာကြီးက “ဘာလုပ်ဘို့လဲ။ ဟိုလူကြီး ……….. ဆီ ဖုန်းဆက်ဘို့လား”ဟု အမှတ်မထင် မေးလိုက်ရာ ကျနော်ကလည်း “ဆက်သင့်ရင် ဆက်ရမှာပေါ့။ အချိန်လည်း နောက်ကျနေပြီဘဲ”ဟု ဆိုပြီး ဟန်ချက်က ဘယ်လိုကနေ ဘယ်လိုညီသွားမှန်း မသိဘဲ ပြောထွက်သွားတော့ သူ နေလို့ မရတော့ဘူး။ သူ့ကို ပြောမှန်း သိတယ် ဆိုပြီး ထလိုက်ပြီး သူငယ်ချင်းအသစ်ကို ခေါ်ပြီး ထွက်သွားတယ်။ ကျနော်လည်း ထမင်းပန်းကန် သွားဆေးဘို့ နောက်ဖေးဘက်ကို ထွက်သွားတယ်။ ပြဿနာက မပြီးသေးဘဲ ကျနော့်သူငယ်ချင်းတွေကလည်း သူ့နောက်လိုက်သွားကြတော့ သူ ဘာပြောလဲဆိုတော့ “ဒီမှာ ထပ်နေချင်သေးလဲ”တဲ့ ဆိုင်ကယ်ပေါ်ကနေ။ ကိုအယ်ကြီးက အဲဒီအချိန်မှ ဒေါထသွားပြီး ဘာပြောလဲ ပြန်မေးလိုက်သေးတယ်။ ဒါပေမဲ့ သူထပ်မပြောတော့ပါ။ အခြားသူငယ်ချင်းတစ်ယောက် ပြောတာက သူ ထပ်ဝင်လာသေးတယ်တဲ့။ ကျနော်နဲ့ ရှင်းဘို့အတွက်။ ဒါပေမဲ့ ကျနော့်ကို တွေ့ခွင့် မပေးဘူး။ အထဲကို မပေးဝင်ကြလို့ ဆိုင်ကယ်ပေါ်ရောက်မှ အဲဒီလို ပြောသွားတာတဲ့။ ရီတော့ ရီရတယ်ဗျ။ အခုဆို လူကြီးပိုင်းတွေ ရောက်နေကြပြီး ကလေးစိတ်တွေက ကျနော်တို့ဆီမှာ ရှိနေကြသေးတယ်ဆိုတာ ပြလိုက်တာပါဘဲ။ ညက သူ့ရုံးပြန်သွားတော့ ကျနော့်သူငယ်ချင်းတွေဆီ သူ ဖုန်းဆက်သေးတယ်။ သူ့အပေါ် ဗွေမယူကြဘို့ ဆိုတဲ့အကြောင်းတွေပါ။


အချုပ်အနေနဲ့ ကျနော် သူ့အပေါ် အဖုအထစ်ကျန်သေးတယ်ဆိုတာ ကျနော်တို့ တိုက်ရိုက်မပြောဘဲနဲ့လည်း သူ သိခွင့်ရလိုက်တယ်။ အခုအချိန်မှာမှပေါ့။ ညအချိန်ကြီးမှာ သူများရုံး၊ သူများအိမ်မှာ သွားသောက်၊ သွားသောင်းကျန်းပြီး ပြန်လာတတ်တဲ့သူက ညက သင်ခန်းစာ အဖြစ် ကျနော် ပေးလိုက်မှန်း ဝန်ခံပါရစေ။ ဒါပေမဲ့ သူ့စိတ်က သူ့အလှည့်အတွက် ထပ်စောင့်နေမှာ မလွဲပါဘူး။ ကျနော်လည်း ညက ကျနော်ပြောလိုက်တာ မှားတယ်လို့ မထင်ပါ။ သူ့ရုံးမှာ ကျနော် ကပ်နေခဲ့ရတုန်းက ည(၉)နာရီကျော်ရင် ပြန်လို့ မရတော့ဘူး၊ ပြန်မလာပါနဲ့တော့လို့ ကျနော့်ကို ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကျတော့ ညတိုင်း နောက်ကျလည်း ဘာမှမဖြစ်ဘူး။ ဘာလို့လဲဆိုတော့ သူ့မကောင်းကြောင်း သွားတိုင်ကြဘို့အထိ ဘယ်သူမှ မလုပ်ချင်ကြဘူး။ ဒါကို သူ့မသိဘူး။ သူ တစ်ခါမှ မမှားဖူးသေးတာကိုဘဲ သွေးနားထင်ရောက်နေတဲ့သူအတွက် ညက လုပ်ရပ်က နောင်တရစေပေမယ့် မရခဲ့လို့ ကျနော့်ကို ရန်သူအဖြစ် မှတ်ရင်တောင် ကျနော် ဂရုစိုက် မအားပါ။ ကျနော် လူကြီးဖြစ်ပြီ။ လူကြီးဆန်န် နေပါတယ်။ လူကြီးပေမယ့် အထက်ကို ပဲ့၊ အောက်သားက ဖိတဲ့သူတွေကိုတော့ ကြည့်လို့ မရပါ။ တစ်လှေထဲစီး၊ တစ်ခရီးတည်း သွားကြတဲ့နေရာမှာ စိတ်ကောင်း ရှိသူတွေသာ လိုအပ်ပါတယ်။ ကောက်ကျစ်စိတ်ရှိသူတွေကို ဖယ်ရှား (သန့်ရှင်းရေးလုပ်)နိုင်မှ လိုရာပန်းတိုင်းက လိုချင်တဲ့အချိန်မှာ ရောက်နိုင်မှာပါ။ ဒီခရီး မဝေးချင်တော့လို့ ဒီလို အပေါ်ဖား၊ အောက်ဖိ တဲ့လူတွေ ကျနော့်တို့အသိုင်းအဝိုင်းမှာ မရှိစေချင်တော့ပါ။


တက်နေဆည်းဆာ


၀၆ စက်တင်ဘာ ၂၀၀၉

(၁၅:၅၀)နာရီ

ထိုင်း-မြန်မာနယ်စပ်တစ်နေရာ

ကောက်ကြောင်းပုံရိပ်များ

0 comments
လင်းနဲ့ ဦး သွားခဲ့တဲ့ မုဒုံမြို့က ကန်ကြီးဘုရား ဘေးက အသုတ်ဆိုင်၊ အကြော်ဆိုင်တွေ၊ အစင်းရေလှောင်တမံ ပေါ်က တိုက်အိမ်လေး၊ အောက်ဘက်က ဘုရားတွေမှာ ဆုတောင်းခဲ့တာတွေ၊ အဲဒီက အပြန် မိုးရွာလို့ စက်ဘီးနင်းရတဲ့ ဦးဘက်ကိုသာ ထီးထိုးစောင်းပေးပြီး ချမ်းတုန်နေတဲ့ လင်းရဲ့ မျက်နှာတောင်မက ခရီးဝေးတဲ့ ဦးအတွက် လင်းသုံးပြီးသား မျက်နှာသုတ်ပုဝါတစ်ထည့်ကို ပေးခဲ့တယ်လေ။ လင်း မော်လမြိုင် ဂိတ်ကားအထိ လိုက်ပို့ပြီး တုန်ရီနေတဲ့ ဦးကို အနောက်ခန်းမှာ မစီးဖို့၊ ရှေ့ခန်းမှာ စီးဖို့ လာပြောသွားခဲ့သေးတယ်နော်။ စိုနေတယ် လင်းအရင်ပြန်တော့လို့ ဦး အခါခါ ပြောပေမယ့် ထီးကလေးတစ်လက်နဲ့ လက်တစ်ဘက်က စက်ဘီးကို ကိုင်ကာ ဦး ပြန်တာကိုပဲ စောင့်ကြည့်နေတဲ့ လင်းကို ဦး ဘယ်လိုမေ့ရမလဲ။

အဲဒီမျက်နှာသုတ်ပုဝါက လင်းရဲ့ကိုယ်ရနံ့ သင်းလှိုင်နေတာ အပတ်ပေါင်း ကြာရှည်။

အဲဒီရနံ့နဲ့ ဦး အိပ်တတ်လာတာ (၁၀)တန်း ဖြေပြီးတဲ့အထိပဲပေါ့။

ချစ်သူသက်တမ်း ၁၆ နှစ်ပြည့် အမှတ်တရ

0 comments
ဦးနဲ့လင်း ချစ်သူတွေ ဖြစ်လာတာ ဒီနေ့ဆို ၁၆ နှစ်တောင် ရှိသွားပြီနော်။ အခုတော့ တမြေစီမှာ ဆိုပေမဲ့ နီးစပ်ဖို့အရေး တွေးတိုင်း ဆွေးနေလို့ မဖြစ်တော့ဘူး လင်းရယ်။

"တစ်ယောက်တည်း ညအမှောင်မှာ
ကြယ်ရောင်တွေက မလင်းနိုင်လေပြီ
နယ်ခေါင်စေတဲ့ အလွမ်းစေရာ
နွမ်းလျမျက်နှာ တကယ့်မသာနိုင်
ဖြေသာနိုင်တာ တချိန်သောအခါ
အခုတော့ တစ်နေရာမှာ"

ဦး
မေ ၂၇၊ ၂၀၀၉ (ညနက်ချိန်)

P.S. လင်းကို ချစ်တယ်

မြေမြှုပ်မိုင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင်တစ်ဦး ခြေတစ်ဖက်အဖြတ်ခံရ

September 7, 2009 0 comments
Mon 07 Sep 2009, ရိုင်မရော့၊
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၏ မြောက်ဘက် မဲကသာတောအတွင်း တပ်စွဲထားသည့် ဒီကေဘီအေတပ်သားတစ်ဦးက မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက်အဖြတ်ခံရသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကရင်အ မျိုးသားအစည်းအရုံး (ကေအန်ယူ) တို့၏ ထိန်းချုပ်ရာနယ်မြေအတွင်း ဝင် ရောက်တပ်စွဲထားသည့် ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) က လိုထူးဖော ဗျူဟာလုံခြုံရေးတပ်ခွဲမှူး ဗိုလ်ကြီးစောအေဝမ်း၏ တပ်သား တစ်ဦးက မြေမြှုပ်မိုင်း နင်းမိသည်။

“ဗိုလ်အေဝမ်းရဲ့တပ်သားတစ်ဦးက မိုင်းနင်းမိတယ်၊ အဲဒီနေ့မှာ ဘုရားသုံး ဆူကို သယ်လာပြီးတော့ ကန်ချနပူရီဆေးရုံကို ချက်ချင်းပို့လိုက်တယ်၊ မနေ့က ကြားတာကတော့ အဲဒီတပ်သားရဲ့ ခြေတစ်ဖက်ကို ပေါင်ထိဖြတ် လိုက်ရတယ်” ဟု ဒီကေဘီအေအသိုင်းအဝိုင်းနှင့် နီးစပ်သူ ဘုရားသုံး ဆူမြို့ခံတစ်ဦးက ပြောပြသည်။

လွန်ခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့တွင် ဒီကေဘီအေတပ်များနှင့်အတူ မြန်မာစစ်အစိုးရ၏ ခလရ ၂၈၃ မှ တပ်သားအင်အား ၃၀ ခန့်ကလည်း မဲကသာတောအတွင်းသို့ ဝင်ရောက်တပ်စွဲထားပြီး ဖြစ်သည်။

“ဒီလိုမျိုး ကေအန်ယူနယ်မြေအတွင်းမှာ မိုင်းနင်းမိတာကတော့ ဒါပထမ အကြိမ်ပဲ ကြားဖူးတယ်၊ ကြားဖူးတာကတော့ ဒီကေဘီအေတပ်စွဲထားတဲ့ နယ်မြေတွေမှာဆိုရင် မိုင်းနင်းမိတာတော့ ရှိတယ်” ဟု ၄င်းမြို့ခံက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၅-၂၀၀၇ ခုနှစ်ခန့်တွင် ဒီကေဘီအေတပ်စွဲထားသည့် ဘု ရားသုံးဆူမြို့၏အပြင်ဘက် တောင်ဝိုင်းအနီးအနားတဝိုက်တွင် ကရင်ရွာ သားများ မိုင်းနင်းမိဖူးကြောင်းလည်း ၄င်းက ဆက်ပြောသည်။

“မဲကသာရွာဟောင်းမှာ ဒီကေဘီအေနဲ့အတူ မြန်မာတပ်ပါ ဝင်လာတယ်၊ စက်တင်ဘာလ ၃ ရက်နေ့မှာတော့ ခမရ ၂၈၃ က ရွာရဲ့တောင်ဘက် ပန်းပဲကုန်းကို ရောက်သွားခဲ့တယ်၊ သူတို့တပ်သားတော့ ဘာမှမဖြစ်ဘူး၊ နောက် ၅ ရက်နေ့မှာကျတော့ ဒီကေဘီအေတပ်တွေ အဲဒီပန်းပဲကုန်းကို ထပ်သွားပြန်တော့ တပ်သားတစ်ဦး မိုင်းထိသွားတာပဲ” ဟု မဲကသာရွာ သားတစ်ဦးက ပြောသည်။

၎င်းတပ်သား နင်းမိသည့်မိုင်းသည် မည်သည့်အဖွဲ့အစည်းမှ ထောင်ထား သည့်မိုင်း ဖြစ်သည်ကို အတည်မပြုနိုင်သော်လည်း ကေအန်ယူထိန်း ချုပ် ရာနယ်မြေ မဲကသာဒေသတစ်ဝိုက်တွင် ယခုကဲ့သို့ ဖြစ်လေ့ဖြစ်ထမရှိဟု ဒေသခံတို့က ပြောဆိုကြသည်။

မဲဆောက်အခြေစိုက် Burma issue အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၀၈ ခုနှစ် (Landmines monitor) ထုတ်ပြန်ချက်အရ မြေမြုပ်မိုင်းကြောင့် သေဆုံး သွားသည့်လူဦးရေမှာ တစ်နှစ်ထက် တစ်နှစ် နှစ်ဆပိုများလာသည်။ ၂၀၀၆ ခုနှစ်က ၂၀ ယောက်ခန့်နှင့် ၂၀၀၇ ခုနှစ်တွင် ၄၇ ယောက် သေဆုံးမှု ရှိသည်။

၎င်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းတို့အနက် ထက် ဝက်ခန့်က မြေမြှုပ်မိုင်းအန္တရာယ်အောက်တွင် ရှိနေဆဲပင် ဖြစ်သည်။

မြေမြုပ်မိုင်းသည် အများအားဖြင့် ကရင်ပြည်နယ်အတွင်းတွင် ဖြစ်ပွားမှု များပြီး၊ မြန်မာစစ်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့၏ လှုပ်ရှားရာ ထိုင်းမြန်မာနယ်စပ်တစ်လျှောက်၌ ဖြစ်ပွားလေ့ရှိသည်ဟု ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗီဘီ) သတင်းစာမျက်နှာ၌ဖော်ပြထား သည်။