• Feature
  • Photo
  • Song
  • Movie
  • Press
  • Mine
  • Logo
  • Contact
  • English
  • Burmese
  • Mon
  • RSS

အချိုးအကွေ့နဲ့ ဖြစ်တည်ချက်များ

September 8, 2009

တက်နေဆည်းဆာ


ကျနော့်မှာ အမြဲတမ်းလိုလို အမြင်မတူတတ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ ဘာကြောင့် အမြင်မတူရတာလဲ ဆိုတော့ ကျနော့်မှာ ရှိတဲ့ အရည်အချင်းအတိုင်း သူအမြဲ ရှိချင်လို့ ဆွေးနွေးတဲ့အခါ အမြဲတမ်း ငြင်းခုန်နေရတဲ့ သူငယ်ချင်းပါ။ သူက ပုစ္ဆာတစ်ပိုဒ်ကို အဖြေရှာရာမှာ “ကျောင်းတစ်ကျောင်းထဲက တစ်တန်းထဲသားတွေ ပထမဆု လုတဲ့နည်း” သုံးပြီး ငြင်းခုန်ကြတဲ့ အရက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ထဲက ဝိုင်းသားတွေ သူ့ကို အထင်မသေးစေချင်လို့သာ သူ့အမြင်မှန်ကြောင်း အလျော့မပေးဘဲ ငြင်းခုန်တတ်တဲ့သူငယ်ချင်းပေါ့။


သူနဲ့ တွေ့ဖြစ်တာ ဟိုးတက္ကသိုလ်ကျောင်းသားဘဝ ကတည်းကပါ။ စတွေ့တုန်းက သွေးဖောက်သောက်ကြဘို့ ကျနော်ကို တောင်းဆိုခဲ့တဲ့ တစ်ဦးတည်းသော သူငယ်ချင်းဟာလည်း သူပါဘဲ။ သူက ကျနော့်ထက် အစစအရာရာ ပြည့်စုံတဲ့သူ ဆိုလည်း မမှန်ပါဘူး။ ဒါပေမယ့် သူ့မှာက ကိုယ်ပိုင် အရည်အချင်း မရှိဘူး။ ဥပမာ။ ။ တာရာမင်းဝေတို့၊ အောင်ချိမ့်တို့ရဲ့ စာသားတွေကို အလွတ်ကျက်ပြီး ဝိုင်းထဲမှာ ဆရာကြီးဂိုက်နဲ့ ပြန်န် ရွတ်ဆိုတတ်ပြီး ဝိုင်းဖိုးကိုတောင် ရှင်းပေးဘို့ လက်မတွတ်တတ်သူပေါ့။


ကျနော့်အကျင့်က ဝိုင်းထိုင်ကြရင် ထူးခြားတာ တစ်ခုရှိတယ်။ အကြံညာဏ်တစ်ခုခု၊ အလုပ်တစ်ခုခုအတွက်သာ ဝိုင်းထိုင်တတ်တယ်။ ဘာမဟုတ်တဲ့ အရည်မရ၊ အဖတ်မရ အကြောင်းတွေအတွက် မငြင်းခုန်တတ်ဘူး။ ဒီနေ့ သူ တစ်ခုခု မနိုင်တာဘဲဖြစ်စ်၊ စကားလုံးနဲ့ ပစ်ပေါက်ခံလိုက်ရရင်ဘဲဖြစ်စ် အခွင့်သာရင် အမြဲပြန်န် ဖွင့်ဟတတ်တယ်ဗျ။ အသက်ကြီးလာလေ သူနဲ့ စကားပြောရရင် ပိုပိုပြီး ဆင်ခြင်ရလေ ဖြစ်လာတယ်။ သူ့မှာ ဘာအရည်အချင်းမှ မရှိဘူး ဆိုတာ ထင်သာအောင် ပြပါ့မယ်။


လူကြီးတစ်ယောက်ရဲ့သား ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းမှာ တက်ရောက်ကြတဲ့ တောသားတွေက မိဘဆီက ပိုက်ဆံနဲ့ လောက်အောင် အနိုင်င် ကုတ်ခြစ်ပြီး စနေရတဲ့အချိန်မှာ သူက သူ့အဖေရဲ့ သြဇာနဲ့ ချက်ပြုတ်ပြီးသား ထမင်းဟင်းတွေနဲ့ ကိုယ်ပိုင်အခန်းနဲ့ မိဘ ပို့တဲ့ပိုက်ဆံကို ကျောင်းက ကန်တင်းနဲ့ အရက်ဆိုင်တစ်ချို့လောက်မှာဘဲ ဖြုန်းဘို့အတွက် ဖြစ်တယ်။ အဖေအရှေ့မှာဆိုရင် ကုတ်တ် နေတတ်ပြီး နောက်ကွယ်မှာ ဖြစ်ချင်တိုင်း ဖြစ်တတ်တဲ့သူတွေထဲမှာ သူလည်း တစ်ယောက်အပါအဝင်ပေါ့။

တက္ကသိုလ် ပထမနှစ်ကစပြီး လူကြီးတစ်ပိုင်းနဲ့ အမြဲတမ်းလိုလို မျက်မှောင်ကုတ်ပြီး နေတတ်တဲ့ကျနော်နဲ့ အမြဲတမ်း ဟာမွန်းနီးထွက်တဲ့မျက်နှာထားနဲ့ သူနဲ့အကြားမှာ အမြဲတမ်း အထစ်အဟော့ ရှိတတ်တယ်။ ဒါပေမဲ့ လူမှုရေးအလုပ်တွေအတွက် ငြင်းခုန်ကြတာ များပါတယ်။ (ပါစာနယ် ကိစ္စဆို ကျနော်လည်း မငြင်းခုန်တတ်လို့ပါ) အမြဲတမ်း စကားပြန်ပြောကြတယ်။


ကျနော်တို့ အဲဒီတုန်းက တက်သစ်စ လူငယ်(၅)ယောက် ရှိတယ်။ ကျောင်း အတွင်းရေးမှူးသစ် အတွက် လူရွေးဘို့ သာမန်ရိုးကျ အလုပ်တွေထဲမှာ မဆုံးဖြတ်နိုင်လို့ ပျဉ်းမနားဘက်ကို လေ့လာရေးခရီးအဖြစ်နဲ့ ကျနော်တို့(၅)ယောက်ကို ခေါ်သွားတယ်။ (အဲဒီအချိန်တုန်းက လူရွေးဖို့အတွက် သွားကြမှန်း ကျနော် မသိခဲ့ဘူး။ နောက်ပိုင်းမှ သိတာ) အပြန်ကျတော့ အများအပေါ် အနစ်နာခံတတ်မှု၊ ကိုယ်ကျိုးအတွက် ရှေ့တန်း မတင်တတ်မှု၊ အများအား ခေါင်းဆောင်နိုင်တဲ့အရည်အချင်းနဲ့ ပြည့်စုံမှုတို့ကြောင့် ကျနော် အရွေးခံရတယ်။ (ကျနော့်အနေနဲ့ ဒီရာထူးနဲ့ ထိုက်တန်သူလို့ တစ်ခါမှ မထင်ခဲ့ပါ။ အနူတောထဲက ကိုလူချောတစ်ယောက်အနေနဲ့တော့ ကျနော် ဝင်လုပ်ခဲ့ရတယ်ဆိုတာဘဲ ခံယူခဲ့တယ်။


အဲဒီနောက်ပိုင်း သူနဲ့ အလုပ်အတူလုပ်ဘို့ ကျနော် အများကြီး ကြိုးစားခဲ့ရတယ်။ အများကြီး ပေးဆပ်ခဲ့ရတယ်။ သူ့ကို အမြဲလိုလို အလျော့ပေးပြီး ပေါင်းသင်းခဲ့ရတယ်။ ဒါပေမဲ့ သူ့စိတ်ထဲက မနာလိုတဲ့ စိတ်ဆန္ဒကိုတော့ ကျနော် ဖျက်ဆီးလို့ မရခဲ့ဘူး။


လွန်ခဲ့တဲ့(၂၀၀၆)တုန်းက သူနဲ့ ပြန်ဆုံဖြစ်တယ်။ (သူ ကျောင်းပြီးသွားတဲ့အချိန်မှာ အတန်းတူပေမဲ့ ကျနော် ကျောင်းတစ်နှစ် နောက်ကျခံလိုက်ရတယ်။ ကျနော် ကျောင်းပြီးတော့ တောတစ်နေရာမှာ လုပ်အားပေး ကျောင်းဆရာတစ်ယောက်အနေနဲ့ ဝင်လုပ်ဖြစ်သေးတယ်။ (၂၀၀၆)ကျမှ အလုပ်ပြောင်းရင်းနဲ့ သူနဲ့ ပြန်ဆုံဖြစ်တယ်။


အဲဒီအချိန်တုန်းက ဒီနယ်စပ်ကို ရောက်နေတာ (၃)နှစ်နီးပါးလောက် ရှိပြီ ဆိုပေမယ့် အင်္ဂလိပ်စကား မကောင်းသေးဘူးခင်ဗျ။ ဒါပေမဲ့ ဘယ်ဝိုင်းမှာဘဲဖြစ်စ် အင်္ဂလိပ်လို ကြားညှပ်ပြီး ပြောရမှ ကျေနပ်တတ်သူအဖြစ် သိပ်မကြာခင်မှာဘဲ ကျနော် သိလိုက်တယ်။ ဥပမာ။ ။ သူပြောနေကျစကားထဲက “ဘယ်လိုပြောရမလဲ။ Transferency လိုတယ်ကွ လူတိုင်းမှာ” အဲဒီအချိန်မှာ သူ့ကို Transferency ကဘာလဲကွလို့ ပြန်မေးရင် ဆရာကြီးဂိုက်နဲ့ သောက်တလွဲ ပြန်ဖြေတော့တာဘဲ။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်စ် ကျနော် သီးခံပြီး အရက်ဆိုင်တွေမှာ အတူထိုင်ခဲ့ကြတယ်။


သူ့ကြောင့် ရွာက ကာလသားအယောက်(၄၀)လောက် စုရုံးလာပြီး ကျနော်တို့ကို ချဘို့ လုပ်လာလို့ လူစုခွဲခဲ့ရဖူးတယ်။


သူ့ကြောင့် အသစ်ဝယ်လာတဲ့ တစ်ချောင်းတည်းသော ဆိုင်ကယ်သော့လည်း တံတားအမြင့်ကြီးပေါ်ကနေ ပြုတ်ကျသွားလို့ နှစ်ပတ်လောက် ဒုက္ခရောက်ခဲ့ဖူးတယ်။


ညသန်းခေါင်ယံ (၁၂)နာရီကျော် သုံးလေးနေရာလောက် သောက်လာပြီးမှ ကျနော့်ကို လာရှာပြီး ကျနော့်တို့ရုံးမှာ သောက်ကြလို့ သူ့စကားသံကြောင့် အိမ်နီးချင်းတွေ ဆဲတဲ့ဒဏ်လည်း ကျနော် ခံခဲ့ရဖူးတယ်။

……………။

……………။


ဒါပေမဲ့ ဒီအချက်အလက်အများစုကို မနက်မိုးလင်းရင် သူ မမှတ်မိတတ်ဘူး။ (ကျနော့်ဆိုင်ကယ်သော့ ကျသွားတာကို သူ့ကို ပြန်ပြောတာ မမှတ်မိဘူးတဲ့။ အဲဒီအခါမှ အခြားသူငယ်ချင်းတွေလည်း ပြောတော့မှ ငါ အမူးလွန်သွားတယ်ကွာ။ မမှတ်မိဘူး။ အဲဒီလောက်ဘဲ ထွက်လာတယ်။


ဒီ (၂၀၀၈)ကုန်ပိုင်းမှာ ကျနော် အလုပ်ပြောင်းလိုက်မလို့ လုပ်တော့ အလုပ်အသစ်အတွက် ခဏ စောင့်နေရတယ်။ အဲဒီအချိန်မှာ ကျနော်တို့ဒေသက အာဏာအကြီးဆုံးရှိတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ ရုံးမှာ နေနေခိုက် သူ့ကိုယ်သူ ရုံးတာဝန်ခံလိုလို၊ အထက်ကလူကြီးတွေရဲ့တိုက်ရိုက်ဆက်သွယ်လို့ရတဲ့အထူးအခွင့်အရေး ရထားတဲ့ ရုံးသားကို ထိုးလိုက်မိလို့ ကျနော် နေရာထပ်ပြောင်းရတယ်။ (အမှန်တကယ်က ကျနော် အရင်ထိုးဘို့ မဟုတ်ဘူး။ သူက မူးနဲ့ အရှိန်နဲ့ ကျနော့်ဆီ ပြေးဝင်လာလို့ သူအရှိန်နဲ့သူ ခံရတာပါ။ ဒါပေမဲ့ နှာခေါင်းသွေးယိုလိုက်တာမှ အင်္ကျီတစ်ထည်လုံး နီသွားလို့ ကျနော် အပြစ်ပိုကြီးသွားတာပါ။ တကယ်လို့ ကျနော်လည်း တစ်နေရာမှာ ထိခဲ့ရင် ဘယ်သူအလွန်ဆိုတာ ပြောဘို့ ခက်လိမ့်မယ်။) အဲဒီအချိန်မှာ လူကြီးတွေရဲ့ စီစဉ်ပေးမှုအရ ကျနော် ပြောပြနေတဲ့သူငယ်ချင်း ရဲ့ ရုံးဆီမှာ ခတ္တ ခိုလှုံနေရပြန်တယ်။

အဲဒီအချိန်မှာ ကျနော်က အလုပ်မရှိတဲ့ကောင် ဆိုတဲ့သူ့အကြည့်ကို စပြီး ခံလိုက်ရတယ်။ ကျနော် ဒီလို ဖြစ်နေတာကို သူ ပျော်နေပါလား ဆိုတာ တစ်ပတ်လောက် ကြာမှ ရိမ်မိခဲ့တယ်။ အဲဒီအချိန်မှာ ဌာနေဘာသာနဲ့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့လစဉ် သတင်းစာတစ်စောင် ထုတ်တဲ့သူငယ်ချင်း အယ်ဒီတာကို ကူညီဘို့နဲ့ အရက်ဆိုင်သွားဖို့ ညနေတိုင်း အပြင်ထွက်ဖြစ်တယ်။ (အခု ကျနော့်ကို ထားတဲ့နေရာက ကွန်ပျူတာ၊ အင်တာနက် မရှိဘူးဗျ။ ဒါကြောင့်လည်း သိပ်မဝေးတဲ့ အယ်ဒီတာ သူငယ်ချင်းရဲ့ ရုံးမှာ ညပိုင်း ကွန်ပျုတာ၊ အင်တာနက်ကို (မိုးလင်းတဲ့အထိ) ကိုင်ပြီး မနက် မုန့်ဟင်းခါး စားပြီးတာနဲ့ တစ်နေကုန် အိပ်တော့တာဘဲ။

အဲဒီမှာ သူနဲ့ စပြီး ပြဿနာဖြစ်တော့တာဘဲ။ တစ်ခါတစ်လေ ညပိုင်း ကျနော် တိတ်တဆိတ် ပြန်လာတတ်တယ်။ ဒါနဲ့ ညပိုင်း ပြန်လာနေတယ်ဆိုတာ အပြင်အဆောင်က မိန်းကလေးတွေက ရုံးလူကြီးတွေကို တိုင်ပြောထားတယ်။ အိပ်ပိုင်း အသံကြားနေတာကို ဘေးအိမ်ကလူတွေ သွားတိုင်ထားတယ် ဆိုပြီးတော့ ကျနော့်ကို အကြပ်ကိုင်တယ်။ အမှန်တကယ်က ကျနော် သူ့နေရာမှာ တစ်ခါမှ မသောင်းကျန်းဖူးပါ။ အရက်တွေ၊ ဘီယာတွေ ဝယ်ဘို့ ပိုက်ဆံပေးပြီး ကျနော့်ကို သွင်းခိုင်းတာလဲ သူပါဘဲ။ သူ့အကျင့်က နည်းည်း အရှိန်ရလာရင် ရပ်လို့ မရတတ်ဘူး ဆိုတာ သူငယ်ချင်းတိုင်း သိတယ်။ အဲဒီလို ဖြစ်လာရင် ကုတင်အောက်က ကြွဝင်နေတယ်ဆိုပြီးတော့ တုတ်ရှာ၊ ဓါးရှာပြီး ညပိုင်း ဆူဆူညံညံ လုပ်တာလဲ သူပါ။ သူတို့ရုံးက ဆိုင်ကယ် နောက်မှန် ထွက်သွားရတာလဲ တရားခံက သူပါ။ သူငယ်ချင်းတိုင်း သိပါတယ်။ ဒီလိုနဲ့ တစ်ညမှာ သူ့ဆိုင်ကယ် ယူသွားမိလို့ ကျနော့်ကို စိတ်ဆိုးတာကို တိုက်ရိုက် မပြောဘဲ ကျနော် ရောက်လာတော့ “မင်း ဒီလို နေလို့ မရတော့ဘူး။ ပစ္စည်းသိမ်းတော့၊ ဘာညာ” ဆိုပြီး ထပ်ခါထပ်ခါ ရန်ရှာတော့တာဘဲ။ ကျနော်လည်း ပြန်ပြောပါတယ်။ “မင်းတို့ရုံးက ဆိုင်ကယ်ကို သုံးမိလို့ စိတ်ဆိုးတာလား၊ ဒါဆို မသုံးတော့ဘူး”ဆိုပြီးတော့။ ဒါပေမဲ့ နောက်ဆုံး ကျနော် ပြောထွက်သွားတာက “ဒီဆိုင်ကယ်က မင်းကိုယ်ပိုင်ဘီး မဟုတ်ဘူးကွ။ ရုံးက ဆိုင်ကယ်။ မနက်က မင်းတို့ရဲ့ ဟိုဘက်ရုံးက ဆိုင်ကယ် လိုနေတာ မင်း ဘာလို့ ယူမသွားပေးတာလဲ”ဆိုတာလည်း ထွက်သွားရော “ဒါက မင်းနဲ့ ဘာဆိုင်လဲ၊ ဒါ ငါ့ကိစ္စကွ၊ မင်းပြောစရာမလိုဘူး”ဆိုပြီး စတော့တာဘဲ။ သူလည်း သူ့ရုံးက ဆိုင်ကယ်တစ်စီးက တစ်ယောက်တည်း အပိုင်ယူထားတယ်။ ဒါပေမဲ့ ရုံးကလူတွေက မပြောချင်လို့ မပြောကြတာပါ။ သူတို့ရဲ့ ဟိုဘက်ရုံးက ဆိုင်ကယ်အစုတ်တစ်စီးကိုဘဲ အားကိုးနေရတယ်။ အခု ကျနော် ယူသွားတဲ့ဆိုင်ကယ်က သူ့ကိုယ်ပိုင်ဆိုင်ကယ်ထက်တောင် သူယူဆထားတာ။ ဒါနဲ့ စကားသံကျယ်တဲ့သူကလည်း သူပါဘဲ။ ဒါနဲ့ သူ့ရဲ့လူကြီးတစ်ယောက်ဆီ ဖုန်းဆီလိုက်ရော။ “ဒီမှာ ကို……….. မူးပြီး သောင်းကျန်းနေတယ်။ အိပ်လို့မရဘူး။”လေ့ ငိုသံလေးနဲ့ တိုင်လိုက်ရော။ အဲဒီအချိန်မှာ ကျနော် (ကိုယ်ပိုင်ဝယ်လာတဲ့)ထမင်း စားနေတုန်းပေါ့။ “ဟေ့ ဟေ့ ငါ သောင်းကျန်နေတာ မဟုတ်ဘူးကွ။ မင်းဘာသာ လာရန်ရှာတာ”ဆိုပြီးတော့ ပြောလိုက်တယ်။ အံ့သြစရာက အဲဒီကောင်က ကျနော့်ကို အကို ဆိုပြီးတော့ တစ်ခါမှ ခေါ်ခဲ့ဖူးတာ ကျနော် မကြားမိဘူး။ အသက်အရွယ်ကလည်း အတူတူတွေဘဲလေ။ ဒါနဲ့ သူ မအိပ်ရဲရင်လည်း ဟိုဘက်ရုံးမှာ သွားအိပ်နေပါ ဆိုတဲ့အဓိပ္ပါယ်မျိုးနဲ့ ဖုန်းချပြီး သော့ပိတ်၊ ဆိုင်ကယ်စီးပြီး ထွက်သွားပါလေရော။ သြော် ထွက်မသွားခင် ကျနော့်ကို ပြောလိုက်သေးတယ်ခင်ဗျ။ “မနက်ဖြန် ရုံးမှာ သွားရှင်းတော့ သိတယ် မဟုတ်လား”ဆိုပြီးတော့လေ။


သူ ပြောတဲ့အတိုင်းပါဘဲ။ နောက်နေ့ ရုံးမှာ သွားရှင်းလိုက်ရတယ်။ သူ ကျနော့်ကို သွားတိုင်ထားတာ အမှု(၉)မှုတောင်ဗျ။ ဆိုင်ကယ်ရှေ့မှန် ထွက်သွားတာတို့၊ ညအချိန် သူ မူးရင် ကြွထရိုက်ပြီး သောင်းကျန်းတာလဲ ကျနော်ပါတဲ့။ အံ့ရော။ ကျနော် အဲဒီအချိန်မှာ တကယ့်ဒေါသ ထွက်လာတယ်။ ဒါပေမဲ့ ကျနော် ဖြောင့်ချက် မပေးဘူး။ ဒါတွေအားလုံးဟာ သူ့ကြောင့်ပါ။ သူ လုပ်တာပါ ဆိုပြီးတော့လည်း ကျနော် ပြောလို့မထွက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့မနာလို၊ ဝန်တိုတတ်တဲ့စိတ်ကို ကျနော် သိနေတာ ကြာခဲ့ပါပြီ။

ခွင့်လွှတ်ခဲ့ပေါင်းလည်း များခဲ့ပါပြီး။ ဒါနဲ့ ကျနော့်ကို အဲဒီမှာ ဆက်ထားရေး၊ မထားရေး အထိ လူကြီးတွေ ခေါင်းကိုက်ခံလိုက်ရတယ်။ အဲဒီမှာ ကျနော့်ကို ကြည့်လို့မရတဲ့လူကြီးတော့ ရှိတယ်။ အဖွဲ့အစည်းကြီးကြီးထဲက ရုံးသားတစ်ဦးကိုလည်း ကျနော် ထိုးခဲ့ဖူးတယ် ဆိုတာ ရှိခဲ့တာကိုး။ ရာဇဝင်ရှိခဲ့ဖူးတာပေါ့။ ဒါပေမဲ့ သူတို့တွေ မဆုံးဖြတ်ရဲခဲ့ဘူး။ ဆက်ထားရေး၊ မထားရေးက သူနဲ့ ကျနော်တို့နှစ်ယောက်ရဲ့အပေါ်မှာသာ မူတည်တယ်ဆိုပြီး ကျနော့်ကို ညှိခိုင်းလိုက်တယ်။ ဒါနဲ့ ထမင်းစားပြီးသွားတော့ သူ့ဆီ ကျနော် စကားသွားပြောတယ်။ ကျနော့်မျက်နှာကိုတော့ သူ မကြည့်ရဲဘူး။ ကျနော် ဘာပြောလဲဆိုတော့ “မင်းဘဝ အခုလောလောဆယ်က မင်းလက်ထဲမှာ ရှိပါတယ်။ မင်းကြိုက်သလို လုပ်လို့ရပါတယ်။ ငါ့ဘက်ကတော့ မင်းဟာ ငါ့သူငယ်ချင်းတစ်ယောက်အနေနဲ့ဘဲ မြင်ပါတယ်”လို့ ပြောလိုက်တယ်။ အဲဒီကောင်ရဲ့မျက်နှာ ငိုမဲ့မဲ့ အထိ ဖြစ်ခဲ့တယ်။ ဘာကြောင့်ဆိုတာတော့ ကျနော် မသိဘူး။ “ဟိုဘက်ရုံးကိုဘဲ ပြန်သွားပါ။ ငါ ရှင်းလိုက်မယ်”လို့ သူ ပြောလို့ ကျနော် ပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျနော့်ပစ္စည်းတွေကိုတော့ ထုတ်ပိုးသိမ်းဆည်းထားပြီးသား။

ညနေ သူရောက်လာတော့ ဘာထူးလဲလို့ ကျနော် မေးလိုက်တယ်။ ဒါပေမဲ့ သူ ကျနော့်ကို မျက်နှာချင်း မဆိုင်ရဲတော့ဘူး။ ကျနော်လည်း အဲဒီမှာ ဆက်နေချင်စိတ် ကုန်သွားတယ်။ ကျနော် ရုံးအထက်လူကြီးတွေဆီ ရောက်သွားတဲ့သတင်းက သူငယ်ချင်းတွေကြားကြတော့ အားလုံး ခံပြင်းနေကြတယ်။ အဲဒီကောင်နဲ့ ရှင်းချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့စိတ်နဲ့ အကျင့်စရိုက်ကို ပေါင်းဖူးတဲ့သူငယ်ချင်းတိုင်းက သိနေကြလို့ဘဲ ဖြစ်တယ်။ ကျနော် မလွန်ပါ။ သူ့ကိုယ်ပိုင် ဆိုင်ကယ်အဖြစ် ယူဆထားတဲ့ဆိုင်ကယ် ယူသွားမိလို့ ရုံးလူကြီးတွေအထိ ရောက်ခဲ့ရတယ်ဆိုတာကိုလည်း လူတိုင်းက သိနေကြလို့ဘဲ။


ဒါနဲ့ ကျနော် အိမ်တစ်အိမ် ငှားလိုက်တယ်။ ပစ္စည်းတွေတော့ မပြောင်းရွေ့ရသေးဘူး။

ရုံးရောက်ကြပြီးနောက်ပိုင်းမှာ သူ ဘာထပ်လုပ်သေးလဲဆိုတော့ နေ့ပိုင်းအချိန်ကျရင် သူ ဟိုဘက်ကမ်းက ရုံးမှာ သွားရတဲ့အချိန်ဆိုရင် အိမ်သာသော့ကို ခတ်သွားတယ်။ ကျနော်ကလည်း မျက်နှာချင်း မဆိုင်မိအောင် အဲဒီရုံးမှာ မအိပ်တော့ဘူး။ ခက်တာက အိမ်သာသော့ ပိတ်သွားလိုက်တယ် ဆိုကတည်းက ကျနော့်ကို သူ မနေစေလို့တော့ကြောင်း အချက်ပြပြီးသား ဆိုတော့ ကျနော့်လည်း ငှားထားတဲ့ အိမ်မှာဘဲ အဝတ်အစားမရှိ၊ ဘာမရှိနဲ့ နေခဲ့ရတယ်။ သူငယ်ချင်းတွေ ကောင်းလို့သာ အိမ်ငှားတာတို့၊ စားရေးသောက်ရေးတို့ ကျနော် အဆင်ပြေခဲ့တာပါ။


ဒါနဲ့ အဲဒီသူငယ်ချင်းဆိုသူကို တွေ့ရင် တတ်နိုင်သလောက် အဆင်ပြေအောင် ကျနော် ကြိုးစားပြီး ဆက်ဆံပါတယ်။ ဒါပေမယ် ကျနော့် အရက်ဝိုင်းကိုတော့ တစ်ခါမှ မဖိတ်တော့ဘူး။ သူ့သွားတဲ့ဝိုင်းတွေ၊ သူ့ရှိတဲ့ဝိုင်းတွေဆိုလည်း ကျနော် ရှောင်ပါတယ်။ နောက်ပိုင်း (လွန်ခဲ့တဲ့အပတ်တွေထဲကမှ ကျနော်တို့ မဖိတ်ခေါ်ဘဲ ကျနော့်တို့သောက်နေကျ ဝိုင်းဆီက တစ်ယောက်ထဲ ရောက်လာခဲ့တယ်။ အဲဒီတုန်းက ကျနော် အဆင်ပြေသလို စကားပြောခဲ့သော်လည်း အခြားသူငယ်ချင်းတွေက သူ့ကို ရှောင်လိုကြတယ်။ သူ့နဲ့ မသောက်ချင်ဘူး။ ကိုယ်တိုက်တဲ့အရက်ကို သူ့သောက်ပြီး ကိုယ့်မကောင်းကြောင်းကို လူကြီးတွေဆီ သွားဇာတ်လမ်းဆင်မှာ ကြောက်ကြလို့သာ မသောက်ချင်ကြတာပါ။ သူရှိနေရင် အားလုံးက တိတ်ဆိတ်နေတယ်။ စကားပြောတာ ဆင်ခြင်နေကြရတယ်။ လျှောက်ပြောနေလို့လဲ မရဘူးလေ။ နောက်ကွယ်ကျရင် လူကြီးတွေကို သူတောင်ကောင်း လုပ်လိုက်ရင် အစားခံရဦးမှာ ဆိုတော့လေ။ ဒါနဲ့ လွန်ခဲ့တဲ့အပတ်ကမှ ကျနော်တို့ဝိုင်းဆီ သူထပ်ရောက်လာတယ်။ ဒါပေမယ့် ကျနော့်သူငယ်ချင်း အယ်ဒီတာကြီးက သူ့နဲ့ ဆက်မသောက်ချင်လို့ ကျနော်တို့ အကြောင်းပြပြီး ရှောင်ထွက်လိုက်တယ်။ အခု ကျနော်လည်း အခြေကျနေပြီလေ။ ရုံးအလုပ်အပြင် လူမှုရေးအလုပ်တွေ၊ အခြားအလုပ်တွေကိုပါ ကျနော် ပြန်စလာနိုင်ပြီ။ အဲဒီသူငယ်ချင်းဆီ တစ်ခါမှ မရောက်ဖြစ်ဘူး။ သူ ရှိတဲ့ရုံးကို သွားရင်တောင် အခြားသူတွေနဲ့ သွားတွေ့ဘို့ အကြောင်းဖန်လာလို့သာ သွားတာပါ။


ဒါနဲ့ ညက (၁၁)နာရီခွဲလောက်မှာ မမျှော်လင့်ဘဲ သူဖုန်းခေါ်လာတယ်။ ကျနော့်ဆီလာပြီး သောက်ဘို့ပါ။ ဒါပေမယ့် စကားပြောရတာက ကျနော်နဲ့ မဟုတ်ဘူးခင်ဗျ။ သူငယ်ချင်း အယ်ဒီတာကြီးက လာခဲ့ဘို့ ဖိတ်လိုက်တယ်။ ကျနော့်တို့ငှားထားတဲ့အိမ်မှာ သောက်ဘို့ပေါ့။ တစ်မိနစ်တောင် မကြာဘူး သူ ရောက်လာတယ်။ (အမှန်တကယ်က သူ ဖုန်းဆက်တဲ့အချိန်မှာ အိမ်အပြင်က လမ်းမမှာဘဲ ရှိနေတာကိုး) ဒါပေမဲ့ ကျနော်ကတော့ သူ့ကို လက်ခံဘို့ လုံးဝ သဘောမတူဘူး။ ဒါပေမဲ့ နောက်ကျသွားပြီ။၊ သူ ရောက်လာတော့ မူးနေပြီးသားနဲ့ အရက်တစ်ပိုင်း ပါလာသေးတယ်ခင်ဗျ။ သူငယ်ချင်းအသစ်တစ်ယောက်လည်း ပါလာတယ်။ အဲဒီမှာ သူ့ကို ကျနော့်သူငယ်ချင်းအားလုံးက ကြည့်လို့မရဘူးဆိုတာ သူလည်း သိလိုက်တယ်။ ဥပမာ။ ။ သူ့ကို “သုံးမရတဲ့သူ”လို့ အဓိပ္ပါယ် ထွက်စေတဲ့ နာမည်တွေ ပြောင် ခေါ်သုံးတယ်။ ပြီးတော့ မူးနေတာက သူ့တစ်ယောက်တည်း မဟုတ်ဘူး ခင်ဗျ။ ကျနော်တို့တစ်စုလည်း ဘုန်းကြီးကျောင်း ပွဲတော်မှာ ပစ္စည်းတွေ သုံးပြီး ပွဲတော် ပြီးစီးကြောင်း ဝိုင်းဖွဲ့နေတာ ညနေ (၁)နာရီခွဲကတည်းကပါ။ သူ မူးတာထက် ကိုယ့်သူငယ်ချင်းတွေက ပိုမူးနေတာလို ပြောရမလားဘဲ။ သူ့ကို ရစ်လိုက်၊ သူကလည်း ပြန်ရစ်လိုက်နဲ့ (၁၂)နာရီတောင် ထိုးတော့မယ်။ အရက်ကလည်း ကုန်နေပြီဆိုတော့ ထမင်းတစ်ပန်းကန် ယူလာပြီး ဝိုင်းအနားမှာ ကုလားထိုင်တစ်လုံးပေါ် ထိုင်ပြီး စားနေတယ်။ အဲဒီအချိန်မှာ နာရီထပ်ကြည့်ချင်လို့ သူငယ်ချင်းအယ်ဒီတာကြီးကို ဖုန်းခဏ ကမ်းပေးဘို့ အကူအညီတောင်းလိုက်တာ မှားပါလေရော။

ကျနော် ဖုန်းတောင်းတာကို သူငယ်ချင်း အယ်ဒီတာကြီးက “ဘာလုပ်ဘို့လဲ။ ဟိုလူကြီး ……….. ဆီ ဖုန်းဆက်ဘို့လား”ဟု အမှတ်မထင် မေးလိုက်ရာ ကျနော်ကလည်း “ဆက်သင့်ရင် ဆက်ရမှာပေါ့။ အချိန်လည်း နောက်ကျနေပြီဘဲ”ဟု ဆိုပြီး ဟန်ချက်က ဘယ်လိုကနေ ဘယ်လိုညီသွားမှန်း မသိဘဲ ပြောထွက်သွားတော့ သူ နေလို့ မရတော့ဘူး။ သူ့ကို ပြောမှန်း သိတယ် ဆိုပြီး ထလိုက်ပြီး သူငယ်ချင်းအသစ်ကို ခေါ်ပြီး ထွက်သွားတယ်။ ကျနော်လည်း ထမင်းပန်းကန် သွားဆေးဘို့ နောက်ဖေးဘက်ကို ထွက်သွားတယ်။ ပြဿနာက မပြီးသေးဘဲ ကျနော့်သူငယ်ချင်းတွေကလည်း သူ့နောက်လိုက်သွားကြတော့ သူ ဘာပြောလဲဆိုတော့ “ဒီမှာ ထပ်နေချင်သေးလဲ”တဲ့ ဆိုင်ကယ်ပေါ်ကနေ။ ကိုအယ်ကြီးက အဲဒီအချိန်မှ ဒေါထသွားပြီး ဘာပြောလဲ ပြန်မေးလိုက်သေးတယ်။ ဒါပေမဲ့ သူထပ်မပြောတော့ပါ။ အခြားသူငယ်ချင်းတစ်ယောက် ပြောတာက သူ ထပ်ဝင်လာသေးတယ်တဲ့။ ကျနော်နဲ့ ရှင်းဘို့အတွက်။ ဒါပေမဲ့ ကျနော့်ကို တွေ့ခွင့် မပေးဘူး။ အထဲကို မပေးဝင်ကြလို့ ဆိုင်ကယ်ပေါ်ရောက်မှ အဲဒီလို ပြောသွားတာတဲ့။ ရီတော့ ရီရတယ်ဗျ။ အခုဆို လူကြီးပိုင်းတွေ ရောက်နေကြပြီး ကလေးစိတ်တွေက ကျနော်တို့ဆီမှာ ရှိနေကြသေးတယ်ဆိုတာ ပြလိုက်တာပါဘဲ။ ညက သူ့ရုံးပြန်သွားတော့ ကျနော့်သူငယ်ချင်းတွေဆီ သူ ဖုန်းဆက်သေးတယ်။ သူ့အပေါ် ဗွေမယူကြဘို့ ဆိုတဲ့အကြောင်းတွေပါ။


အချုပ်အနေနဲ့ ကျနော် သူ့အပေါ် အဖုအထစ်ကျန်သေးတယ်ဆိုတာ ကျနော်တို့ တိုက်ရိုက်မပြောဘဲနဲ့လည်း သူ သိခွင့်ရလိုက်တယ်။ အခုအချိန်မှာမှပေါ့။ ညအချိန်ကြီးမှာ သူများရုံး၊ သူများအိမ်မှာ သွားသောက်၊ သွားသောင်းကျန်းပြီး ပြန်လာတတ်တဲ့သူက ညက သင်ခန်းစာ အဖြစ် ကျနော် ပေးလိုက်မှန်း ဝန်ခံပါရစေ။ ဒါပေမဲ့ သူ့စိတ်က သူ့အလှည့်အတွက် ထပ်စောင့်နေမှာ မလွဲပါဘူး။ ကျနော်လည်း ညက ကျနော်ပြောလိုက်တာ မှားတယ်လို့ မထင်ပါ။ သူ့ရုံးမှာ ကျနော် ကပ်နေခဲ့ရတုန်းက ည(၉)နာရီကျော်ရင် ပြန်လို့ မရတော့ဘူး၊ ပြန်မလာပါနဲ့တော့လို့ ကျနော့်ကို ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကျတော့ ညတိုင်း နောက်ကျလည်း ဘာမှမဖြစ်ဘူး။ ဘာလို့လဲဆိုတော့ သူ့မကောင်းကြောင်း သွားတိုင်ကြဘို့အထိ ဘယ်သူမှ မလုပ်ချင်ကြဘူး။ ဒါကို သူ့မသိဘူး။ သူ တစ်ခါမှ မမှားဖူးသေးတာကိုဘဲ သွေးနားထင်ရောက်နေတဲ့သူအတွက် ညက လုပ်ရပ်က နောင်တရစေပေမယ့် မရခဲ့လို့ ကျနော့်ကို ရန်သူအဖြစ် မှတ်ရင်တောင် ကျနော် ဂရုစိုက် မအားပါ။ ကျနော် လူကြီးဖြစ်ပြီ။ လူကြီးဆန်န် နေပါတယ်။ လူကြီးပေမယ့် အထက်ကို ပဲ့၊ အောက်သားက ဖိတဲ့သူတွေကိုတော့ ကြည့်လို့ မရပါ။ တစ်လှေထဲစီး၊ တစ်ခရီးတည်း သွားကြတဲ့နေရာမှာ စိတ်ကောင်း ရှိသူတွေသာ လိုအပ်ပါတယ်။ ကောက်ကျစ်စိတ်ရှိသူတွေကို ဖယ်ရှား (သန့်ရှင်းရေးလုပ်)နိုင်မှ လိုရာပန်းတိုင်းက လိုချင်တဲ့အချိန်မှာ ရောက်နိုင်မှာပါ။ ဒီခရီး မဝေးချင်တော့လို့ ဒီလို အပေါ်ဖား၊ အောက်ဖိ တဲ့လူတွေ ကျနော့်တို့အသိုင်းအဝိုင်းမှာ မရှိစေချင်တော့ပါ။


တက်နေဆည်းဆာ


၀၆ စက်တင်ဘာ ၂၀၀၉

(၁၅:၅၀)နာရီ

ထိုင်း-မြန်မာနယ်စပ်တစ်နေရာ

0 comments:

Post a Comment