• Feature
  • Photo
  • Song
  • Movie
  • Press
  • Mine
  • Logo
  • Contact
  • English
  • Burmese
  • Mon
  • RSS

စစ်အစိုးရက မွန်ပြည်သစ်၏ အရေးပါသည့်လုပ်ငန်းစဉ်အပေါ် ကန့်သတ်လာ

September 10, 2009
ဝီရ / ခေတ်ပြိုင်

နယ်ခြားစောင့်တပ် အသွင်ပြောင်းမည်မဟုတ်ဟု ငြင်းဆိုထားသည့် အပစ်ရပ် မွန်ပြည်သစ်အား ၎င်းတို့၏ အုပ်ချုပ်ရေးဆိုင်ရာ တရားစီရင်ရေးနှင့် ပါတီအတွက် အရေးပါသည့် အခြားလုပ်ငန်းစဉ်တို့အား နအဖ စစ်အစိုးရက ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်လာကြောင်း သိရသည်။

ပါတီ ဒု ဥက္ကဋ္ဌ နိုင်ရော့စနှင့်အဖွဲ့အား အရှေ့တောင်ပိုင်း စစ်ဌာနချုပ် တိုင်းမှူးက လွန်ခဲ့သည့် သြဂုတ်လ (၂၈)ရက်နေ့က တွေ့ဆုံရာတွင် စစ်အစိုးရဘက်က ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သထုံခရိုင်ရုံးမှ မွန်ပြည်သစ် ဗဟိုကော်မတီဝင်တစ်ဦးက "လူထုကို စည်းရုံးရေး လုပ်လို့မရဘူးလို့ သူတို့တောင်းဆိုတယ်။ ဒါက လူထုနဲ့ နီးနီးကပ်ကပ် ထိတွေ့မှု ရဖို့ အပစ်ရပ်လာကတည်းက ပါတီက ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တစ်ရပ် ဖြစ်တယ်။ အဲဒီစည်းရုံးရေး လုပ်ငန်းစဉ်တွေကို မလုပ်ဘူးဆိုတာက သူ(စစ်အစိုးရ)တို့ တားလို့ရတဲ့အရာလည်း မဟုတ်ဘူးလေ။ ဒါကြောင့် ဒါက ရပ်ဖို့ ခက်ခဲလိမ့်မယ်လို့ဘဲ ပါတီခေါင်းဆောင်တွေက တိုင်းမှူးကို ပြောခဲ့တယ်"ဟု ပါတီ ဗဟိုကော်မတီဝင်က ခေတ်ပြိုင်သို့ ယနေ့ ပြောကြားသည်။

တွေ့ဆုံပွဲ၌ တပ်ဖွဲ့ အသွင်ပြောင်းရေးကိစ္စအပြင် မွန်ပြည်သစ်ပါတီမှ အခွန်ကောက်ခံနေမှုနှင့် ပါတီ၏ သြဇာသက်ရောက်ခြင်း မရှိသည့်ဒေသများတွင် တရားစီရင်ရေး မဆောင်ရွက်ရန်လည်း နအဖ တိုင်းမှူး၏ တောင်းဆိုချက်တွင် ပါဝင်သည်။

တရားစီရင်ရေးနှင့် ပတ်သက်၍ ပါတီက ချမှတ်ထားရာတွင် မွန်ပြည်သစ်၏ အုပ်ချုပ်နယ်မြေ ခရိုင်(၃)ခုမှ ကျေးရွာပေါင်း(၃၀၀)ကျော်အနက် စစ်အစိုးရနှင့် မွန်ပြည်သစ်တို့ ပူးတွဲအုပ်ချုပ်သည့် ကျေးရွာပေါင်း (၉၀)နီးပါး ရှိပြီး မွန်ပြည်သစ်၏ သီးသန့်အုပ်ချုပ်မှုအောက်ရှိ ရွာပေါင်း (၉၀)ကျော် ရှိသည်ဟု မွန်ပြည်သစ်ပါတီ၏ စရင်းဇယားအရ သိရသည်။ ကျန်ရှိသည့် ကျေးရွာ(၁၀၀)ကျော်မှာ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဖြစ်သော်လည်း ပြည်သူလူထု၏ ဆန္ဒအတိုင်းသာ ဖြစ်စေရမည်ဟု စစ်အစိုးရအား တုန့်ပြန်ခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်မှ မွန်ပြည်သစ် အရာရှိတစ်ဦးက "ကျနော်တို့ပါတီက ပါတီ လည်ပတ်နိုင်ဖို့အတွက် ကိုယ့်အားနဲ့ကိုယ် ရုန်းကန်နေရတာပါ။ နအဖဆီက ထောက်ပံ့မှုတွေ မရှိပါဘူး။ အကောက်အခွန်လမ်းကြေးတွေက ဆက်လက် လည်ပတ်နိုင်ဖို့လောက်ဘဲ ရှိပါတယ်"ဟု ပြောကြားပြီး အမျိုးသားညီလာခံသို့ ပါတီမှ တက်ရောက်ခြင်း မပြုသည့် (၂၀၀၅)ခုနှစ်နောက်ပိုင်း စစ်အစိုးရက လစဉ် ထောက်ပံ့ပေးနေသည့် ကျပ်သိန်း(၄၀)ဝန်းကျင်ကိုလည်း ရပ်ဆိုင်းခံခဲ့ရသည်။

(၁၄)နှစ်ကျော် စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် မွန်ပြည်သစ်ပါတီသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ရေးတို့အား လွန်ခဲ့သည့် သြဂုတ်လ (၅)ရက်နေ့၌ တရားဝင် ပယ်ချထားသည့်အဖွဲ့ ဖြစ်ပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးရေးဖြင့်သာ ဖြေရှင်းရန် စစ်အစိုးရအား တိုက်တွန်းထားသည်။

မွန်ပြည်သစ်ပါတီက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံကြောင်း တရားဝင် ပြန်ကြားခဲ့သည့်နောက် ပါတီ၏ ပိုင်ဆိုင်မှုနှင့် ခေါင်းဆောင်တချို့ ၏ မရွေ့ပြောင်းနိုင်သည့် အိမ်မြေခြံကို ရောင်းချခြင်း ခွင့်မပြုကြောင်း စစ်အစိုးရက ကန့်သတ်ချုပ်ချယ်မှုများလည်း ရှိနေကြောင်း သိရသည်။

0 comments:

Post a Comment